ထန်းတပင်(ရန်ကုန်) ၂၂ ဇွန်
ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးနှင့် နွေရာသီ သောက်သုံး ရေပြတ်လပ်မှု အခက်အခဲများ မဖြစ်ပေါ်စေရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ ကျေးရွာ(၃)ရွာတွင် ရေသန့်စင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ပြီး ယခုအခါ အဆိုပါ လုပ်ငန်းများသည် (၉၅) ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“ရေတွင်းကုန်းကျေးရွာ၊ ရေပေါ်သောင်ကျေးရွာနှင့် ဘိုးနတ်ပေးကျေးရွာတွေမှာ ရေသန့်စင်စနစ် ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတာပါ၊ လုပ်ငန်းပြီးစီးမှုများ အနေနဲ့ (၉၅)ရာခိုင်နှုန်းအထိ ပြီးစီးနေပါပြီ၊ သောက်သုံးရေ ပေးဝေနိုင်ရေး အတွက်ကတော့ လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ဖို့သာ ကျန်ပါတော့တယ်” ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က ပြောသည်။
ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် ကျေးရွာ(၃)ရွာတွင် ရေသန့်စင်စနစ်ကို ၂၀၂၀ပြည့်နှစ်၊ မတ်လ ပထမသီတင်းပတ်မှ စတင်၍ တင်ဒါအောင် Hyper Myanmar Relief International ကုမ္ပဏီမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ရေသန့်စင်တည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးရွာ တစ်ရွာလျှင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံ ငွေကျပ်သန်း (၁၉.၉၁၆)ဖြင့် တာဝန်ယူဆောင် ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ရေသန့်စင်စနစ်ကို ရေတွင်းကုန်းကျေးရွာ၊ ရေပေါ်သောင်ကျေးရွာနှင့် ဘိုးနတ်ပေးကျေးရွာ တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာများရှိ ကျေးလက်နေပြည်သူ (၁၇၃၆)ဦးသည် သန့်ရှင်းသော သောက်သုံးရေကို ဖူလုံစွာရရှိတော့မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ လျင်မြန်စွာ ပြီးစီးနိုင်ရေးအတွက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


