ထန်းတပင် ၂၀   ဒီဇင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ တရားမဝင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များကို စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်နေ့၊ နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တွေ့ဆုံပွဲမှ သိရသည်။

 

တွေ့ဆုံပွဲတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က မြို့နယ်အတွင်း တရားမဝင်ဆောင် ရွက်လျက်ရှိသည့် ဂဝံလုပ်ငန်း၊ ငါးကန်၊ အုတ်ဖုတ်လုပ်ငန်း၊ သဲစုပ်လုပ်ငန်းများအပြင် အခြား တရားမဝင် ဆောင်ရွက်နေမှုများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားရန် အရေးယူ ဆောင်ရွက်ခြင်းမရှိပါက အရေးမယူသူအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရပ်ကွက်ကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူးများနှင့် ရပ်ကျေးစာရေးများအနေဖြင့် နိုင်ငံတော်နှင့်ဌာနအပေါ် သစ္စာရှိစွာ ဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်းရှင်းလင်းပြောကြားခဲ့သည်။         

 

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက မိမိတို့ ကျေးရွာအုပ်စုများအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ မရှင်း လင်းသည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။       

 

ဇင်မင်းထိုက်(ထန်းတပင်)