ထန်းတပင်(ရန်ကုန်)၊ မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအတွက် လိုအပ်သော အရင်းအနှီးများရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့် မိသားစုဝင်ငွေများ တိုးပွားစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ မတ်လပထမအပတ်အတွင်း ကျေးရွာ(၂၃)ရွာတို့မှ ကျေးရွာနေပြည်သူ ၂၈၂၆ ဦးတို့အား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ကျပ်သန်း ငွေကျပ်သန်း ၁၁၀၈ ဒသမ ၆၄ ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးရာတွင်လည်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အတိုးအရင်းငွေများအား အကြေပေးချေပြီးသည့် ကျေးရွာ (၂၃)ရွာတို့မှ ကျေးရွာနေပြည်သူ ၂၈၂၆ ဦးတို့ကို ပြန်လည်၍ ထုတ်ချေးပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာကျေးရွာများအလိုက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ စည်းကမ်းနှင့်အညီ အသင်းသားတစ်ဦးချင်းစီ၏ ငွေထုတ်ချေးပေးနေမှု အခြေအနေများကိုလည်း မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့် ကျေးရွာတာဝန်ခံဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သည့် ကျေးရွာနေပြည်သူများကိုသာ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍လည်း ရရှိလာမည့် အကျိုးကျေးဇူးများ၊ အတိုးနှုန်း၊ ကာလသတ်မှတ်ချက်များနှင့် လိုက်နာရမည့် စည်းကမ်းများကိုလည်း တာဝန်ရှိသူများ ကျေးရွာများအလိုက် ရှင်းလင်းပြောကြားလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)