ထန်းတပင် ၁၉ အောက်တိုဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်တွင် မီးဘေးလုံခြုံရေးကို အထောက်အကူဖြစ်စေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျေးရွာများသို့ (LIFAN)အပေါ့စားမီးသတ်ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့ကအဖွင့်အမှာစကားများပြောကြားခဲ့ပြီး မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်က (LIFAN) အပေါ့စား မီးသတ်ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းရခြင်း၏ ရည်ရွယ်ချက်များနှင့်မီးအန္တရာယ် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အရန်မီးသတ်ဒုတပ်ရင်းမှူး ဦးမြဟန်က မီးသတ်ရေစုပ်စက်များ အသုံးပြုရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တူးချောင်းကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီး ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာအုပ်စု၊ ကျူတောကျေးရွာအုပ်စု၊ ဘောလည်ကျေးရွာအုပ်စုနှင့် နဲသမိန် ကျေးရွာအုပ်စုတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ရှိသူများထံသို့ (LIFAN) အပေါ့စား မီးသတ်ရေစုပ်စက်(၆)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ အရန်မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံများကို တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့က ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ရေစုပ်စက်အသုံးပြုနည်းစနစ်များကို ထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ကျေးရွာအရန်မီးသတ် တပ်ဖွဲ့ဝင်များအား လက်တွေ့ရှင်းလင်းပြသခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ရန်ပုံငွေဖြင့် အပေါ့စားမီးသတ်ရေစုပ်စက်များ၊ ဆက်စပ်ပစ္စည်းများနှင့် အရန်မီးသတ်တပ်ဖွဲ့တူညီဝတ်စုံများကို ကျေးရွာများသို့ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ (LIFAN) အပေါ့စား မီးသတ်ရေစုပ်စက်တစ်လုံးလျှင် တန်ဖိုးငွေကျပ် ၁၈ သိန်းရှိကြောင်း၊ မီးသတ်စခန်းနှင့်အလှမ်းဝေးသည့် ကျေးရွာအုပ်စုများနှင့် မီးသတ်ကားများ ဝင်ထွက်သွားလာရန်ခက်ခဲသည့် ကျေးရွာအုပ်စုများကို အဓိကထားကာ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်က ပြောသည်။
ဇင်မင်းထိုက်(ထန်းတပင်)


