ထန်းတပင် ၁၃  ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇) အုပ်စုတို့မှ တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲကို ဧပြီ ၁၂ ရက် မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ပေးအပ်ပွဲတွင် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးနှင့် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန်းဇော်လင်းက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောတာမလာဖောက ပုံစံ (၇) ၏ ရရှိသည့်အကျိုးကျေးဇူးများနှင့် ပုံစံ(၇)ကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် တက်ရောက်လာကြသည့် ဓနဲရိကျေးရွာအုပ်စု၊ ပက်အင်းကလေးကျေးရွာအုပ်စု၊ ကတွယ် ကျေးရွာအုပ်စု၊ ကြိမ်ပိုက်ကျေးရွာအုပ်စု၊ ရိုးခွကျေးရွာအုပ်စု၊ ဘောလည်ကျေးရွာအုပ်စုနှင့် တလိုင်မှီကျေးရွာ အုပ်စုတို့မှ ဒေသခံတောင်သူ ၃၀ တို့အား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များကို  တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောတာမလာဖောတို့က ပေးအပ်ခဲ့ကြသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)

 

mdn