ထန်းတပင် ၂၉ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း နေ့စဉ်ခရီးသွားပြည်သူများ ပုံမှန်အားဖြင့် သွားလာမှု အခြေအနေမှာ များပြားလျက်ရှိနေသော်လည်း ယခုအခါ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွားပြည်သူများမှာ တဖြည်းဖြည်း နည်းပါးလာလျက်ရှိသလို ယာဉ်ပြေးဆွဲမှုများမှာလည်း လျော့နည်းလာလျက်ရှိကြောင်း သိရသည်။
“အရင်တုန်းက ဆိုရင်တော့ ကားဆွဲရတာ တစ်နေ့ကို အနည်းဆုံး (၂)သောင်းခွဲကနေ (၃)သောင်းလောက် တော့ရတယ်၊ ပုံမှန်ခရီးသည်လည်း စီးနင်းနေကြတယ်။ အခုကြတော့ မဖြစ်မနေကိစ္စရှိမှ သွားတဲ့သူနဲ့ ဈေးဝယ်စရာရှိတဲ့သူလောက်သာသွားတဲ့ အခါကြတော့ Taxi ကားစီးတဲ့သူသိပ်မရှိဘူး၊ အခုဆို ထန်းတပင် ကနေပြီးတော့ အသွားလူဘဲရတယ် လှိုင်သာယာဘက်ရောက်ရင် ကားစီးတဲ့လူကမရှိတော့ လူမပါဘဲ ပြန်လာရတာရှိတယ်၊ ပုံမှန်ဂိတ်ထိုးပြီး ဆွဲကြတာဆို အစီးရေ(၃၀)ကျော်လောက်ရှိတာပေါ့ အခုဆိုရင်တော့ ပုံမှန် လေးစီး၊ ငါးစီးလောက်ဘဲရှိတော့တယ်၊ ခရီးသည်မရှိတဲ့အခါကြတော့ ကားတွေပြန် အပ်သူအပ်၊ မမောင်းဘဲနဲ့ရပ်ထားတဲ့သူက ရပ်ထားအဲလိုပေါ့၊ ဂိတ်ထိုးထားရင်တောင် နေ့တစ်ဝက် လောက်စောင့်နေရတယ်၊ ကားတစ်စီးနှစ်စီးလောက်ဘဲထွက်နေရတဲ့ အခါတွေလည်းရှိတယ်၊ အခုဆို အုံနာကြေးတောင်အသည်းအသန်ရှာနေရတယ်” ဟု ထန်းတပင်မှTaxi ယာဉ်မောင်းကိုဖြိုးဝေကပြောသည်။
ခရီးသည်များ အဆင်ပြေစေရေးအတွက် ထန်းတပင်မှ လှိုင်သာယာမီးခွက်ဈေးသို့ YBS (၅၂) ယာဉ်လိုင်းကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိသော်လည်း ခရီးသည်စီးနှုန်းများ လျော့နည်းလာလျက်ရှိကာ ယာဉ်ပြေးဆွဲမှုအနေဖြင့် အသွားကိုငွေကျပ်နှစ်ထောင်မှသုံးထောင်ကျပ်သာရရှိကြောင်း ၅၂ ယာဉ်လိုင်းမှ ကိုကျော်ကျော်မောင်က ရှင်းပြသည်။
ထို့အပြင် ဆိုင်ကယ်ကယ်ရီပြေးဆွဲသူများအနေဖြင့်လည်း လူသွားလာများ လျော့နည်းလာသဖြင့် ပုံမှန်ဝင်ငွေများမရရှိတော့ကြောင်း သိရပြီး ဆိုင်ကယ်ကယ်ရီပြေးဆွဲနေသည့် ကိုကျော်မင်းထိုက်က အရင်တုန်းကဆို YBS(၅၂)ကားတစ်စီးဝင်လာပြီးဆိုရင် လူ(၂၀)၊ (၃၀)လောက်ပါတယ်၊ အခုဆိုရင် ကားဝင်လာပြီး ဆိုရင်လူ(၂)ဦး(၃)ဦးလောက်ပဲ ပါတယ်။အနည်းဆုံးမရဘူးဆိုတောင် ဆိုင်ကယ်(၃)စီး လောက် ပြေးဆွဲရတယ်။ အရင်လူမရှိတဲ့နေ့တွေတောင် တစ်နေ့ကိုလေးငါးရှစ်ထောင်လောက်ရတယ်၊ အခါတလေဆို တစ်သောင်းကျော်တယ်၊ အခုဆိုတစ်မနက်လုံးမှ တစ်ထောင်လောက်ပဲ ရတယ်” ဟုဆိုသည်။
မဖြစ်မနေ ခရီးသွားလာသည့် ခရီးသည်များအနေဖြင့်လည်း ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းနှင့် လက်အိတ်ကို ဝတ်ဆင်အသုံးပြုရန်လိုအပ်ကြောင်း ခရီးသွားပြည်သူတစ်ဦး ဖြစ်သူ ကိုဝေနိုင်ထွန်းက ခရီးသွားလာတဲ့အခါမှာ လက်အိတ်ဝတ်ဆင်ဖို့လိုသလို Mask တပ်ပြီး သွားလာ ဖို့လိုအပ်တယ် နောက်ပြီး Maskကို ခဏခဏချွတ်တာလည်းမကောင်းဘူးဟု သူ့အမြင်ကိုရှင်းပြသည်။
ဇင်မင်းထိုက်(ထန်းတပင်)


