ရန်ကုန် ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်း၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး လျာထားစိုက်ဧက ၄၇၀၀၀ ကျော် ရှိသည့်အနက် ဧက ၂၄၀၀၀ ကျော် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ထန်းတပင်မြို့နယ်မှာ နွေစပါးလျာထား စိုက်ဧက ၄၇၄၂၅ ဧက ရှိပြီးတော့ လက်ရှိ ဧကပေါင်း ၂၄၁၅၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းကိုက ပြောသည်။
တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များ၊ မျိုးစေ့နှုန်းထား ကုန်ကျမှုစရိတ်များ သက်သာစေရန်နှင့် စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက်လည်း နွေစပါး ဧက ၁၀၀ စံပြစိုက်ခင်းတွင် စိုက်ပျိုးနည်းစနစ်များအား သက်ဆိုင်ရာကွင်းအလိုက် ဒေသခံတောင်သူများကို အသိပညာပေး လက်တွေ့စိုက်ပျိုးပြသလျက်ရှိပြီး နွေစပါးစိုက်ခင်းများ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် လိုက်နာရမည့်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်လျက်ရှိကာ နည်းပညာ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ဇင်မင်းထိုက်(ထန်းတပင်)