ထန်းတပင်(ရန်ကုန်)၊ ဒီဇင်ဘာ ၁၀

 

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထန်းတပင်မြို့နယ်ဦးစီးမှူး ရုံးမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ကလိန်ကျေးရွာအုပ်စုနှင့် ညွန့်ပေါင်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

 

ထို့သို့ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေ၊ လဝကမှူး ဦးမင်းဆွေ၊ ဒုလ၀ကမှူး ဒေါ်သက်သက်နှင့် ဝန်ထမ်းများက ကလိန်ကျေးရွာအုပ်စုတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၅)ဦး၊ အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့် ကျေးရွာနေပြည်သူ (၅၂)ဦးနှင့် ညွန့်ပေါင်းကျေးရွာ အုပ်စုတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၁၂)ဦး၊ အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့် ကျေးရွာနေပြည်သူ(၄၅)ဦးတို့ကို စုစုပေါင်းကျေးရွာနေပြည်သူ (၁၁၄)ဦးတို့ကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ခဲ့သည်။

 

ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ထန်းတပင်မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ(၇၁၃) ဦးနှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၄၉၅၉)ဦး စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ(၅၆၇၂)ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)