ထန်းတပင် ၃၀ ဇွန်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အစားထိုးထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဇွန် ၃၀ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၁၀၄၉ စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၁၅ဝဝဝ နှုန်းဖြင့် ငွေကျပ်စုစုပေါင်း ၁၆၅၇၃၅ဝဝဝ ကို ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၉)အုပ်စုတို့မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြပြီး မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက ကျေးရွာများတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၉)စု၊ ကျေးရွာပေါင်း (၂၃၃)ရွာတို့တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော အခြေခံစားသောက်ကုန် (၅)မျိုးတို့ကို ပြီးခဲ့သည့် ဧပြီလပိုင်းက ထောက်ပံ့ဖြန့်ဝေပေးအပ်ခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေခဲ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၁၁၀၄၉ စုတို့အတွက် အစားထိုးထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)