ထန်းတပင် ၅ သြဂုတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ထူးကဲဒီရေမြင့်တက်လာမှု အခြေအနေများကြောင့် ထန်းတပင်မြို့နယ်အတွင်းရှိ အ.မ.က(ကဇန်း) ကျောင်းကို သြဂုတ်လ(၁) ရက်နေ့တွင် လည်းကောင်း၊ အ.မ.က(သစ်စိမ့်-၂) အခြေခံပညာကျောင်းကို သြဂုတ်(၅)ရက်နေ့တွင် လည်းကောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ထူးကဲဒီရေမြင့်တက်လာမှု အခြေအနေများကြောင့် အ.မ.က (သစ်စိမ့်-၂)တွင် ကျောင်းဝန်းအတွင်းနှင့် စာသင်ခန်းမဆောင်အတွင်းသို့ ရေဝင်ရောက်မှုအခြေအနေများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်များမဖြစ်ပေါ်စေရေးအတွက် ကျောင်းပိတ်ရက်(၂)ရက်ကို ယာယီပိတ်ထားပေးမည်ဖြစ်ကြောင်းနှင့် အ.မ.က(ကဇန်း) ကျောင်းကို သြဂုတ်လ (၁)ရက်နေမှ(၃)ရက်နေ့ထိ ယာယီပိတ်ထားခဲ့သော်လည်း သြဂုတ်လ(၅)ရက်နေ့ အထိကျောင်း ပြန်လည် မဖွင့်နိုင်သေးကြောင်း သိရသည်။
အဆိုပါ ယာယီပိတ်ထားသော ကျောင်းများတွင် ကျောင်းသား(၂၉)ဦးနှင့် ကျောင်းသူ (၂၆)ဦး စုစုပေါင်း(၅၅)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ကျောင်းသင်ခန်းစာများ နောက်ကျမှုမရှိစေရေးအတွက် စနေနေ့ပိတ်ရက်များတွင် အစားထိုးကာပြန်လည်၍ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


