ရန်ကုန်   ၁၃  ဇူလိုင် 

ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ နဝမပုံမှန် အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် ထန်းတပင်မြို့နယ်နှင့် လှည်းကူးမြို့နယ်များတွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းများအား လွှတ်တော်၏အဆုံးအဖြတ်ကို ရယူခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

စက်မှုဥယျာဉ်မြို့တော် စီမံကိန်းများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုအပေါ် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကြေညာခဲ့သည်။

ဝန်ကြီးက စက်မှုဥယျာဉ်မြို့တော် စီမံကိန်းများနှင့်ပတ်သက်၍ ဇွန် ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် စီမံကိန်းများ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် Media Corner ၌ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပေးပို့သော ထန်းတပင်မြို့နယ်နှင့် လှည်းကူးမြို့နယ်များတွင် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းများ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

ဇူလိုင် ၉ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ထန်းတပင်မြို့နယ်တွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လှည်းကူးမြို့နယ်တွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ ဇူလိုင် ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက စက်မှုဥယျာဉ်မြို့တော် စီမံကိန်း အကောင်အထည် ဖော်နိုင်ရေး အဆိုတင်သွင်းခဲ့ရာ ဇူလိုင် ၁၂  ရက်တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်က သဘောတူ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်