ထန်းတပင် ၁၉ ဇူလိုင်
အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင်လည်း (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အမှတ် (၂) ရပ်ကွက်ရှိ ကုမုဒြာပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်သား/ကျောင်းသူများ၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား လွမ်းသူပန်းခွေချ ဂါရဝပြုအလေးပြုခဲ့ကြပြီး နံနက်(၁၀)နာရီ (၃၇)မိနစ်အချိန်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူ အားလုံးက (၂) မိနစ်ငြိမ်သက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင်(၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ခရိုင်အဆင့်၊ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးတို့ကို ထန်းတပင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေဖြန့်ချီသည့် အာဇာနည်နေ့အမှတ်တရ စာအုပ်များကို မြို့နယ်ရုံးမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများကို တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမော်နှင့် ဇနီးတို့က စတုဒိသာထမင်းများဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)


