ထန်းတပင် ၂၀ ဇွန်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အပိုဆောင်းထောက်ပံ့ငွေများကို မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

“ထန်းတပင်မြို့နယ်မှာဆို အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားက (၄၂၃)ဦး ရှိပါတယ်၊ (ဧပြီ၊ မေ၊ ဇွန်) (၃)လအတွက် ပုံမှန်ထောက်ပံ့ငွေက (၃)သောင်းကျပ်နဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွက် အပိုဆောင်းထောက်ပံ့ပေးတာက ငွေကျပ်(၃)သောင်း စုစုပေါင်း အဘိုးအဘွားတစ်ဦးကို ငွေကျပ် (၆)သောင်းနှုန်း ထောက်ပံ့ပေးတာပါ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ပြောသည်။

 

ထောက်ပံ့ငွေများ ပေးအပ်ရာတွင်လည်း ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် တာဝန်ရှိသူများက အမှတ် (၃)ရပ်ကွက်အတွင်းရှိ ကျန်ရှိနေသေးသည့် သက်ကြီးဘိုးဘွားများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်လည်း ထောက်ပံ့ပေးရန် ကျန်ရှိနေသေးသည့် သက်ကြီးဘိုးဘွားများကို မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ဆက်လက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ထန်းတပင်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု (၅၄)စုတို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီး အဘိုး(၁၅၁)ဦးနှင့် အဘွား(၂၇၂)ဦး စုစုပေါင်း သက်ကြီးဘိုးဘွား (၄၂၃)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၆)သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၅၃၈ဝဝဝဝ ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ထောက်ပံ့ငွေများကို ဇွန် ၁၆ ရက်မှ စတင်ကာ ထောက်ပံ့ပေးအပ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

ဇင်မင်းထိုက်(ပြန်/ဆက်)