ထန်းတပင် ၉ သြဂုတ်

           

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကဒတ်ကုန်းကျေးရွာနှင့် ကျွဲကူးကျေးရွာတို့တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိသည့် အထိမ်းအမှတ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

           

ကျေးရွာလျှပ်စစ်မီးရရှိသည့် အထိမ်းအမှတ်ဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းလှိုင်က လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးနှင့်ပတ်သက်၍ သတိပြု လိုက်နာရမည့်အချက်များကို ကျေးရွာနေပြည်သူများအား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့သည်။

 

2

           

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းလှိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဇော်နှင့်ကျေးရွာအုပ်ချုပ်တို့က ကဒတ်ကုန်းကျေးရွာ(၁၁)ကေဗွီဓါတ်အားလိုင်း (၁ဝဝ)ကေဗွီအေ ထရန်စဖော်မာနှင့် ကျွဲကူး ကျေးရွာ(၁၁)ကေဗွီဓါတ်အားလိုင်း (၃၁၅)ကေဗွီအေ ထရန်စဖော်မာ ဓာတ်အားခွဲရုံများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

           

ထန်းတပင်မြို့နယ်အတွင်းရှိ ညောင်ဆိပ်ကျေးရွာ၊ ကျွဲကူးကျေးရွာ၊ ကဒတ်ကုန်းကျေးရွာ၊ ထိန်ကုန်းကျေးရွာ၊ ချောင်းညီအကိုကျေးရွာ၊ ကြိမ်ပိုက်ကျေးရွာ၊ ကျားဟုန်းကျေးရွာ၊ ပက်အင်းကလေး ကျေးရွာ၊ ကလိန်ကျေးရွာ၊ တောညိုကျေးရွာနှင့် ထိုးနာရီကျေးရွာ (၁၁)ရွာတို့တွင် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP)အစီအစဉ်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများကို (၂၀၁၇)ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၂၀၂၀)ခုနှစ်၊ ဇွန်လပိုင်းတွင် ကျေးရွာ(၄)ရွာနှင့် ယနေ့ ကျေးရွာ(၂)ရွာ စုစုပေါင်းကျေးရွာ(၆)ရွာတို့တွင် လျှပ်စစ်မီးစတင်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

                                                                                                           

ဇင်မင်းထိုက်(ပြန်/ဆက်)