ထန်းတပင် ၁ ဇန်နဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးနှင့်အခြား သီးနှံများ စိုက်ပျိုးရာတွင် အဆင်ပြေစေရန်အတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၄)ခုတို့ဖြင့် စိုက်ပျိုးရေပေးဝေ နိုင်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတတိယအပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်သူများအား စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ရေကော်မတီများဖွဲ့စည်းဆောင်ရွက်ပေးခြင်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက်လည်း ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေပေးဝေမှုများ အဆင်သင့်ဖြစ်စေရန်အတွက်လည်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၄)တို့မှ ရေပေးဝေနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားပြီးဖြစ်သလို တောင်သူများ၏ မိုးစပါးရိတ်သိမ်းမှုများ ဆောင်ရွက်ပြီးစီးသွားပါက စိုက်ပျိုးရေများကို စတင်ပေးဝေသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်း အမြစ်) ဒုတိယဦးစီးမှူး ဦးအောင်မှပြောသည်။
(၂၀၁၉-၂၀၂၀)ခုနှစ် နွေစပါးနှင့် သီးနှံစိုက်တောင်သူများအတွက် ဘောလည်မြစ်ရေပေါ်သောင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးနှင့်သီးနှံ ဧက(၁၁၅၀) ၊ လှိုင်မြစ်ကြို့ကုန်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးနှင့်သီးနှံ ဧက(၆၀၀) ၊ လှိုင်မြစ်ဂွေ့တန်းရှည်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးနှင့်သီးနှံ (၇၀၀)ဧကနှင့် ကုက္ကိုဝမြစ်ကျွန်းငူလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးနှင့်သီးနှံ စိုက်ဧက(၄ဝဝ) စုစုပေါင်း နွေစပါးနှင့်သီးနှံစိုက်ဧက(၂၈၅၀)တို့အတွက် စိုက်ပျိုးရေများကို ပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေသခံတောင်သူများ နွေစပါးနှင့်အခြား သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေစေရန်အတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၄)ခုတို့ဖြင့် (၂၀၁၆-၂၀၁၇)ခုနှစ်တွင် နွေစပါးနှင့်သီးနှံ (၁၄၁ဝ)စိုက်ဧက၊ (၂၀၁၇-၂၀၁၈)ခုနှစ်တွင် နွေစပါးနှင့်သီးနှံစိုက်ဧက(၂၂ဝဝ)နှင့် (၂၀၁၈-၂၀၁၉) ခုနှစ်တွင်နွေစပါးနှင့် သီးနှံ (၂၇၃၅) စိုက်ဧကတို့ကို စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)