ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၂၉
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲကာပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးက သင်တန်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးကို ပေးအပ်ခဲ့ပြီး ဒုတပ်ရင်းမှူး ဦးမြဟန်က သင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းသားများမှ တစ်ပိုက်နှစ်တန်းခွဲ မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ ရိုးရိုးရေမှ ဖုန်းဆေးရည်ဖြင့် ဖုံးအုပ်ငြှိမ်းသတ် သရုပ်ပြသခြင်းနှင့် ဆီမီးလောင်မှုအား (DCP)မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ် သရုပ်ပြခဲ့ကြ ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ကို အောက်တိုဘာ ၃ ရက်မှစတင်၍ အောက်တိုဘာ ၂၈ ရက်အထိ လေးပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ရပ်ကွက်ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင်ထံမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)