ထန်းတပင် ၂၀ မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်များနှင့် မိသားစုဝင်ငွေများ မထိခိုက်စေရေးတို့အတွက် မြစိမ်းရောင် အရင်းမပျောက် စီမံကိန်းလည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၉၉၀၀ ကျော်ကို မြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)တို့တွင် အတိုး ပြား ၅၀ နှုန်းဖြင့် ပြန်လည်ထုတ်ချေးပေးနေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဒီကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်းမှာ ကျေးလက်နေပြည်သူတွေ အလုပ်အကိုင်နှင့် မိသားစုဝင်ငွေ မထိခိုက်စေဖို့နဲ့ တိုးပွားလာစေဖို့အတွက်ဆိုပြီးတော့ ငွေကျပ်သိန်းပေါင်း ၉၉၈၆.၀၆ ကို ကျေးရွာ ၂၀ မှာရှိတဲ့ ကျေးရွာနေပြည်သူ ၂၅၈၂ ဦးတို့ကို မေလအတွင်းမှာ အပြီးပြန်လည်ထုတ်ချေးပေးသွားမှာပါ။ လောလောဆယ် မေ ၂၀ ရက်အထိတော့ ကျေးရွာ (၁၄)ရွာကို ပြန်လည်ထုတ်ချေးငွေတွေ ပေးအပ်ပြီးသွားပါပြီ။ ကျန်နေသေးတဲ့ ခနောင်ပေါ်ကျေးရွာ၊ စာဖြူစုကျေးရွာ၊ အပြင်ရေကျော်ကျေးရွာ၊ သနပ္ပင်ကျေးရွာ၊ ပက်အင်းလေး ကျေးရွာနှင့် နဲဗျောကျေးရွာ ()ရွာကိုလည်း အခုမေ ၂၅ ရက် နောက်ဆုံးထားပြီး အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားမှာပါဟု မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က ပြောသည်။

 

မြစိမ်းရောင် အရင်းမပျောက် စီမံကိန်းလည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၉၉၈၆ ဒသမ ဝ၆ ကို ကလိန်ကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ဘိုးနတ်ပေးကျေးရွာ၊ ဖိုးဝဲကြီးစုကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ချောင်းညီအကိုကျေးရွာ၊ တောစွန်းကျေးရွာ၊ တောညိုကျေးရွာ၊ သဘော့ချောင်းကျေးရွာ၊ ရေပေါ်သောင်ကျေးရွာ၊ (ပက်အင်းကလေး၊ ညောင်ကုန်းနှင့် ညောင်ကုန်းအရှေ့ကျေးရွာ) သံတဇာကျေးရွာ၊ ကုန်းလှည်းဆိပ်ကျေးရွာ၊ သပြေကုန်းကျေးရွာ၊ ခနောင်ပေါ်ကျေးရွာ၊ စာဖြူစုကျေးရွာ၊ အပြင်ရေကျော်ကျေးရွာ၊ သနပ္ပင်ကျေးရွာ၊ ပက်အင်းလေးကျေးရွာနှင့် နဲဗျောကျေးရွာတို့ရှိ ကျေးလက်နေပြည်သူ ၂၅၈၂ ဦးတို့ကို ပြန်လည်၍ ထုတ်ချေးပေးခြင်းဖြစ်ပြီး အရင်းမပျောက် စီမံကိန်းလည်ပတ်ရန်ပုံငွေများ ပေးအပ်ရာတွင်လည်း ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် လူစုလူဝေးများ မဖြစ်ပေါ်စေရန် မြို့နယ်တာဝန်ရှိသူများနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကော်မတီဝင်များက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)