ထန်းတပင်(ရန်ကုန်) ဇူလိုင် ၂၃
ရန်ကုန်(မြောက်ပိုင်းခရိုင်)၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုများ မရှိစေရေးတို့အတွက် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုတို့မှ တာဝန်ရှိသူများက မြို့နယ်အတွင်း အသိပညာပေး နှိုးဆော်ဆောင်ရွက်လျက်ရှိသည်။
အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု ၅၉ အုပ်စုတို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ လမ်းများတစ်လျှောက်နှင့် လူအသွားအလာများပြားသည့်နေရာများတွင် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ဆောင်ရွက်လျက်ရှိသလို လက်ကိုင်စပီကာဖြင့်လည်း အသိပညာပေး နှိုးဆော်လျက်ရှိသည်။ နှိုးဆော်ဆောင်ရွက်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ခြောက်ပေအကွာမှ ခပ်ခွာခွာနေကြရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စေျးဝယ်ခြင်းများ မပြုလုပ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများ မပြုလုပ်ရန်နှင့် လက်ကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် နှစ်ဆယ်ကြာအောင် စနစ်တကျဆေးကြောကြရန် စသည်တို့ကို အသိပေးနှိုးဆော် ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


