ထန်းတပင် ဇူလိုင် ၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် အရည်အသွေးကောင်းမွန်သော စံပြကွက်များ ဖြစ်စေရေးအတွက် ရေဖြူကျေးရွာအုပ်စု အုတ်ဖိုကျေးရွာ ကွင်းအမှတ်(၁၇၆-ခ) ရှိ လယ်ယာ မြေဧက ၁၅ဝ ကို စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် မေ ၁ ရက်မှစတင်၍ ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဇူလိုင် ၉ ရက်အထိ အဆိုပါကျေးရွာတွင် စနစ်ကျလယ်ယာ မြေဖော်ထုတ်မှုအနေဖြင့် ၈၀ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ထန်းတပင် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ရေပေါ်သောင်ကျေးရွာတွင် ပထမအကြိမ်အဖြစ် ၃၈၁ ဧကကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သလို ဒုတိယမြောက်အဖြစ် လယ်ယာမြေဧက ၁၅၀ ကို စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ရေဖြူကျေးရွာအုပ်စု အုတ်ဖိုကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စနစ်ကျလယ်ယာမြေဧကများ ဖော်ထုတ်ခြင်းကြောင့် ဒေသခံတောင်သူများ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရောက်ရှိခြင်း၊ တောင်သူများ အကျိုးရှိဝင်ငွေတိုးပွားစေခြင်း၊ ရေသွင်းရေထုတ် မြောင်းများကောင်းမွန်စေခြင်း၊ လယ်ယာကုန်ထုတ်လမ်းများကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ သီးနှံများ အထွက်တိုးပွားလာခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း အထောက်အကူပြုသည့် အကျိုးကျေးဇူးများကိုပါ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကများ ဖော်ထုတ်ရာတွင်လည်း စက်မှုလယ်ယာဦးစီးဌာန၊ စနစ်ကျလယ်ယာမြေဖော်ထုတ်ရေးအဖွဲ (အောက်မြန်မာပြည်) သန်လျင်မြို့မှ ကုန်ထုတ်လမ်း၊ ရေမြောင်းနှင့် ဧကကွက်ဖော်မြေညှိခြင်းစသည့် စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ရေး လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ လျင်မြန်စွာ ပြီးစီးစေရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် လယ်ယာမြေ ဧက ၁၅ဝ ကို တစ်ဧကလျှင် ငွေကျပ် ၁ ဒသမ ၂၁၅ သန်းနှုန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး စနစ်ကျလယ်ယာမြေဖော်ထုတ်မှုများကိုလည်း ဇူလိုင်လ စတုတ္ထပတ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထန်းတပင်မြို့နယ် စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ထံမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


