ထန်းတပင်(ရန်ကုန်) ၂၃ ဇူလိုင်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် သီတာအေး-ထန်းတပင်လမ်းနှင့် ကုက္ကိုဝတံတားကို ဆက်သွယ်ထားသည့် မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် တောင်သူများအား မြေယာလျော်ကြေးငွေများ ပေးအပ်ပွဲကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

 

မြေယာလျော်ကြေးငွေများပေးအပ်ပွဲတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်တို့က အမှာစကားများပြောကြားခဲ့ကြပြီး  မြို့နယ်လမ်းဦးစီးဌာနဦးစီးအရာရှိ(မြို့ပြ) ဦးမျိုးညွန့်အောင်က မြေယာလျော်ကြေးငွေများ ပေးအပ်ရခြင်း နှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဘုန်းကျော်စံဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးမျိုးညွန့်အောင်နှင့် တာဝန်ရှိသူများက မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် တောင်သူ(၁၄)ဦးတို့၏ လယ်ယာမြေ (၁၆.ဝ၂)ဧက တို့အတွက်မြေယာလျော်ကြေးငွေများကို (၁)ဧကလျှင်ငွေကျပ်သိန်း(၁ဝဝ)နှုန်းဖြင့် တောင်သူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

“မြို့ရှောင်လမ်းဖောက်လုပ်ရာမှာပါဝင်သည့် လယ်ယာမြေက (၁၉.၁၇)ဧကရှိတယ် လက်ရှိ လျော်ကြေးငွေပေးတာက (၁၆.၀၂)ဧကကို အရင်ပေးအပ်တာပါ၊ တစ်ဧကကို ငွေကျပ်သိန်းတစ်ရာနှုန်းနဲ့ ပေးတာ လျော်ကြေးငွေပေးဖို့ကျန်တာက (၃.၁၅)ဧကပါ၊ လျော်ကြေးငွေပေးဖို့ကျန်တဲ့ဧကကိုလည်း စာရွက်စာတမ်းတွေ ပြည့်စုံသွားပြီဆိုရင်တော့ ဆက်လက်ပြီးပေးအပ်သွားမှာပါ” ဟု မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးမျိုးညွန့်အောင်က ရှင်းပြသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)