စက်တင်ဘာ ၁၆

မြန်မာနိုင်ငံတွင်    ကိုဗစ်-၁၉ရောဂါ    ကူးစက်မှုနှုန်းများလာပြီဖြစ်သည်။ စက်တင်ဘာလ ၁၃ ရက်နေ့ည တစ်ရက်တာစစ်ဆေးတွေ့ရှိမှုအရ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၉၉ ဦးတွေ့ရှိခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့ည တစ်ရက်တာစစ်ဆေး တွေ့ရှိချက်အရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈၄ ဦး တွေ့ရှိခဲ့သည်။ ပထမနေ့တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း ၂ ဒသမ ၆၇ ရာခိုင်နှုန်းရှိပြီး ဒုတိယနေ့တွင် ရောဂါပိုးတွေ့ရှိမှု နှုန်း ၃ ဒသမ ၁၇ ရာခိုင်နှုန်း ရှိလာသဖြင့် ပိုးတွေ့ရာခိုင်နှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်မားလာသည်။


ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်ရောဂါမျိုးကွဲသစ်သည် ကူးစက်မှုနှုန်းလျင်မြန်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ဖြစ်ပွားနေသည်။ ယခုရောဂါ မျိုးကွဲသစ်မှာ   အသက်ရှူလမ်းကြောင်းနှင့်  အဆုတ်ကိုဖျက်ဆီးမှုနည်းသဖြင့် အသက်သေဆုံးမှုနည်းသည်ဆိုသော်လည်း ကမ္ဘာပေါ်ရှိ ပြည်သူအများစုမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အများအားဖြင့် အကြိမ်ပြည့်ထပ်ဆောင်းထိုးနှံထား သောကြောင့်သာ ခံနိုင်ရည်ရှိမှု၊ အသက်သေဆုံးမှုများ နည်းနေခြင်းဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာစည်းမျဉ်း စည်းကမ်းများကိုလိုက်နာပြီး   ကာကွယ်ဆေးများကို   သတ်မှတ်ချက်အတိုင်း မပျက်မကွက်  ထိုးနှံကြရန်လိုအပ်သည်။

ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲသစ်သည် ကူးစက်ခံရသူများကို ရောဂါ လက္ခဏာ ထူးထူးခြားခြားမပြသဖြင့် ပြည်သူများကြား သွားလာလုပ်ကိုင်နေကြသူများ  ထဲတွင် ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ၊ မရှိမသိနိုင်ကြချေ။ ထိုအခါ ရောဂါပိုးရှိသူနှင့်  နီးနီးကပ်ကပ်ဆက်ဆံမိကြပြီး အစုလိုက်ကူးစက်မှုများ နေ့စဉ်ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ပြည်သူများအနေဖြင့် ယခုကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောအချိန်တွင် ယခင်တတိယလှိုင်းကဲ့သို့  ရောဂါအသည်းအသန်ဖြစ်နေသူများ၊  သေဆုံးသူများကို ထင်ထင်ရှားရှား  မမြင်မတွေ့ကြရ၍  ပေါ့ပေါ့ဆဆ သွားလာနေထိုင်လုပ်ကိုင်ကြရာမှ ကူးစက်မှုများ မြင့်မားလာခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါမျိုးကွဲ အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အန္တရာယ်ကို သတိပြုမိကြကာ မိမိကစ၍ကာကွယ်ကြရန်လိုပါသည်။ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကြရာတွင် လူစုလူဝေးများကို သတိပြုရန်လိုပါသည်။ တစ်ဦးနှင့် တစ်ဦး နီးနီးကပ်ကပ်မနေထိုင်ဘဲ ခြောက်ပေအကွာတွင် နေထိုင်လျှင် ပို၍ကောင်းပါ သည်။  ပါးစပ်နှင့် နှာခေါင်းစည်းကို    တပ်ဆင်ကြရန်၊    ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးပြီး အုပ်ဆိုင်း၍ ဆိုးရန်၊ လေဝင်လေထွက်ကောင်းစေရန် နေအိမ် ပြတင်းပေါက်များကို  ဖွင့်လှစ်ထားရန်၊  ထိတွေ့ကိုင်တွယ်  သွားလာပြီးနောက် လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ ဆေးကြောပေးရန်၊ အကြောင်းကိစ္စမရှိဘဲ အိမ်ပြင်မထွက်ရန်နှင့် လူစုလူဝေးများကို ရှောင်ရှားကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မိမိတွင်သော်လည်းကောင်း၊ မိမိနှင့် ပတ်သက်  သောသူများတွင်လည်းကောင်း  သံသယဖြစ်ဖွယ်  လက္ခဏာများတွေ့ရှိရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြပါ။ အဓိကမှာ  ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရောဂါကာကွယ်ရေးအတွက် အကျိုးကျေးဇူးများ များစွာရရှိနိုင်သည်။ အကျိုး ကျေးဇူးများမှာ မိမိကိုယ်ကိုကာကွယ်နိုင်ခြင်း၊ အခြားသူများကိုကာကွယ်နိုင်ခြင်း၊ အိုမီခရွန်အပါအဝင် မျိုးဗီဇပြောင်းရောဂါပိုးသစ်များ ကူးစက်မှုမှ ကာကွယ်နိုင်ခြင်း၊ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းတာဝန်ပိမှု လျှော့ချနိုင်ခြင်းတို့ကို ရရှိနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွား၊ သေဆုံးမှုများကို လေ့လာကြည့်မည်ဆိုလျှင် ကာကွယ်ဆေး ထိုးနှံထားသူများတွင်  ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုနှင့်  သေဆုံးမှုကိုလျှော့ချနိုင် ကြောင်း တွေ့ရှိထားသည်။ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေးဘဲ လူ့အသိုက်အဝန်းအားလုံးကို ကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိရာ  အချို့ခက်ခဲသောဒေသများမှလွဲ၍ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းအတော်များများ ဆောင်ရွက်နိုင်ခဲ့သည်။ အဓိကမှာ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားခြင်းသည် ပိုမိုစိတ်ချရသည့်အနေအထားဖြစ်၍ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို အလေးထားကာ ဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။

သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် ယနေ့ကာလတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းများ မြင့်မားနေသည်ကို သတိပြုပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာ ဆောင်ရွက်ကြကာ လက်ကို ဆေးကြောခြင်း၊   ပါးစပ်၊ နှာခေါင်းအကာအကွယ်ကို   တပ်ဆင်သွားလာခြင်းနှင့် နီးစပ်ရာကျန်းမာရေးဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ် ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းများကို   မပျက်မကွက်ဆောင်ရွက်ကြပါရန်   အသိပေးနှိုးဆော်အပ်ပါ ကြောင်း။          ။

ကြေးမုံ