နေပြည်တော် ၂၂ မတ်

ပြည်သူအားလုံး ရင်ခုန်လှုပ်ရှားပြီး မျှော်လင့်စောင့်စားတတ်သောအရာမှာ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ဘောလုံးအားကစားအောင်မြင်မှုနှင့် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ဖြစ်သည်။ အဆိုပါ အောင်မြင်ထူးချွန်မှုများကို တစ်ချိန်သောအခါက တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြင့် ထိုနေ့ ထိုရက်ကို စောင့်မျှော်ခဲ့ကြပြီး ထိုနေ့ ထိုအချိန်သို့ရောက်လျှင် တိုင်းသူပြည်သားများ တစ်ခဲနက်အားပေးခဲ့ကြသည်။

 

မကြာမီရက်ပိုင်းတွင် ပြည်သူအများ ရင်ခုန်လှုပ်ရှား မျှော်လင့်စောင့်စားနေကြသည့် ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် Myanmar Event Park တွင် ကျင်းပတော့မည်ဖြစ်ရာ မြန်မာ့ရုပ်ရှင်ချစ်သူများ၊ မြန်မာရုပ်ရှင် အနုပညာရှင်များအား နှစ်သက်သူများက ဆုရမည့် ရုပ်ရှင်ဇာတ်ကားများနှင့် သရုပ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်ရံများ မည်သူရမည်ကို မျှော်လင့်ခန့်မှန်း တွက်ဆနေကြမည်ဖြစ်သည်။

 

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုသည် ယခင်နှစ်များနှင့်မတူ ဝေဖန်သံများ၊ အားပေးသံများကို ကြားသိနေရသည်။ ရုပ်ရှင်ပရိသတ်အကြိုက်၊ ပရိသတ်မျှော်လင့်ချက်နှင့် အနုပညာရှင်များ၏ အားထုတ်ချက်၊ ဆုရွေးချယ်ရေး အဖွဲ့၏ ဘက်မလိုက်ဘဲ တိကျသည့်အဖြေထုတ်ချက်တို့ ထပ်တူကျ၊ မကျဆိုသည့် အဖြေအတွက် မဖြစ်မနေစောင့်ကြည့်ရမည့် ပွဲတစ်ပွဲဟု ဆိုနိုင်သည်။ ရုပ်ရှင်ထူးချွန်ဆုနှင့်ပတ်သက်၍ မျက်မှောက်ကာလတွင် နှစ်စဉ်နှစ်တိုင်း ဝေဖန်မှုအနည်းအများရှိခဲ့သော်လည်း ယခုနှစ်အဖို့ မြန်မာပေါကားများ ရပ်ဟူသော ဝေဖန်မှုများကြားတွင် ဆုရွေးချယ်ရမည်ဖြစ်၍အထူးသတိပြုစရာဖြစ်သည်။

 

မျက်မှောက်ကာလတွင် မြန်မာ့ရုပ်ရှင်လောကမှာ ယခင်ရုပ်ရှင်ခေတ်နှင့်မတူ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ နည်းပညာ တိုးတက်ပြောင်းလဲဆန်းသစ်လာမှုကြောင့် မြန်မာ့ရုပ်ရှင်ကို တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ကြည့်ရှုနိုင်သည့် မြန်မာရုပ်ရှင်ပရိသတ် လျော့နည်းပျောက်ကွယ်သွားသည်ဆိုသော်လည်း ဇာတ်ကားတစ်ကားကို ပြည်သူလူထုတစ်ရပ်လုံး အပန်းဖြေသက်သက် ကြည့်ရှုခံစားခြင်းဘက်မှ အသေးစိတ်ဝေဖန်ထောက်ပြနိုင်သည့် ရုပ်ရှင်ရုံများဘက်သို့ ရုပ်ရှင်ပရိသတ်များ မရောက်ရောက်အောင် သွားရောက်ကြည့်ရှုလေ့လာနေကြသည်ကိုသတိမူရမည် ဖြစ်သည်။

 

ယခုအခါ မြန်မာ့ရုပ်ရှင်အရည်အသွေး ယခင်ခေတ်ကာလကို မမီသော်ငြားလည်း ၂၀၁၇ ခုနှစ်အတွက် ရုံတင်ထားသည့် ဇာတ်ကားပေါင်း ၅၀ ကျော်ရှိသည်မှာ အခက်အခဲနှင့် လိုအပ်ချက်များစွာထဲမှ ရုန်းကန် ဖောက်ထွက်လာခြင်းဖြစ်၍ အသိအမှတ်ပြုရမည်ဖြစ်သည်။ ဇာတ်ကားပေါင်း ၅၀ ကျော်အတွက် ကိုယ်စီကိုယ်စီ နှစ်သက်ရာအလိုက် အကယ်ဒမီမျှော်မှန်းကြမည်ဖြစ်သော်လည်း ကိုယ်ပိုင်အနုပညာဖန်တီးနိုင်မှု၊ ပြောင်မြောက်စွာ စွမ်းဆောင်နိုင်မှု၊ ရုပ်ရှင်ကြည့်ပရိသတ်အား စွဲမက်စေမှု၊ ရုပ်ရှင်ဇာတ်ကား၏ရည်ရွယ်ချက်နှင့် ပရိသတ်အပေါ်ပေးသည့်အသိ၊ ပရိသတ်အတွက် စေတနာထားဖန်တီးထားသည့် အနုပညာရသမြောက်သော ဇာတ်ကားမျိုးကို ရွေးချယ်ပေးစေလိုမည်ဖြစ်သည်။

 

အဓိကအချက်မှာ ဇာတ်ကားတစ်ကား၏ ပီပြင်သောသရုပ်ဆောင်ကွက်နှင့် ဇာတ်လမ်း၏အနှစ်သာရကို ပရိသတ်ရင်ထဲတွင် စွဲထင်စူးနစ် ကျန်ရစ်ခဲ့စေချင်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကားသည် ရုပ်ရှင်ကြည့် ပရိသတ်အပေါ် စိတ်အနှောင့်အယှက်မဖြစ်စေရေး၊ အဆိပ်အတောက် မဖြစ်စေရေးမှာလည်း အရေးကြီးသည်။ ယခုအခါ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပေးရန် ရက်ပိုင်းမျှလိုတော့ပေသည်။ ရုပ်ရှင်လောကနှင့် ပရိသတ်အတွက် ထိုက်တန်သောဇာတ်ကားကောင်းများ ရွေးချယ်ပြီးလောက်ပေပြီ။ ရုံတင်ပြသခဲ့သည့် ဇာတ်ကားပေါင်း ၅၀ ကျော်အနက် ထင်ရှားကျော်ကြားပြီး လူသိများသည့် ဇာတ်ကားပေါင်း ၃၀ ခန့် ရှိသည်။

 

သို့ဖြစ်ရာ ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲသည် ယခင်နှင့်မတူတစ်မူထူးလိမ့်မည်ဟု မျှော်လင့်ပါသည်။ ပရိသတ်အကြိုက်၊ ပရိသတ်မျှော်လင့်ချက်၊ ရုပ်ရှင်အနုပညာရှင်များ၏ ကြိုးစားအားထုတ်မှု၊ ရသမြောက်အောင် ဖန်တီးနိုင်မှုနှင့် ဆုရွေးချယ်ရေးအဖွဲ့၏ တိကျမှန်ကန်သည့်အဖြေထုတ်မှုအားလုံး ထပ်တူကျလိမ့်မည်ဟု မျှော်လင့်မိပါသည်။ ။

ကြေးမုံ