၂၇ မေ

ဗြိတိန်နိုင်ငံဟာ  ဥရောပသမဂ္ဂအဖွဲ့ ကြီးကနေ   နုတ်ထွက်မယ့်အရေး  အကျပ်အတည်းတွေနဲ့   ရင်ဆိုင်နေရတဲ့အချိန်   ထင်မှတ်မထားတဲ့    ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။  အဲဒါကတော့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ  ရာထူးကနေ  နုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းစကား ပဲဖြစ်ပါတယ်။

နုတ်ထွက်တော့မယ်

ထရီဆာမေဟာ ဇွန် ၇ ရက်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့  ကြေညာခဲ့ပါတယ်။ ထရီဆာမေရဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာ ရွေးပြီးတာနဲ့ ထရီဆာမေဟာ နုတ်ထွက်တော့မှာပါ။ ထရီဆာမေဟာ ဝန်ကြီးချုပ်တာဝန် လက်ခံရယူခဲ့တဲ့ အချိန်ကစပြီး ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂကနေ အဆင်ပြေပြေ နုတ်ထွက် နိုင်ရေး    တစိုက်မတ်မတ်  လုပ်ဆောင်ခဲ့ပါတယ်။  သို့ပေမယ့်    ဥရောပသမဂ္ဂကနေ နုတ်ထွက်ရေးစာချုပ်ကို   လွှတ်တော်ကိုတင်ရာမှာတော့   အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရပါတယ်။

ခေါင်းဆောင်သစ်ဘယ်သူလဲ

အခုအခါမှာတော့  ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်  ဘယ်သူဖြစ်လာမှာ လဲဆိုတဲ့အချက်ဟာ အများက စိတ်ဝင်စားတဲ့အချက် ဖြစ်လာခဲ့ပါတယ်။ ကွန်ဆာဗေး တစ်ခေါင်းဆောင်အဖြစ် ပါဝင်ယှဉ်ပြိုင်ကြမယ့်သူတွေကတော့  နိုင်ငံခြားရေးဝန်ကြီးဟောင်း  ဘောရစ်ဂျွန်ဆင်၊ အလုပ်သမားနဲ့ ပင်စင်ရေးရာဝန်ကြီးဟောင်း  အက်စ်သာမက်ဗေးနဲ့  ပြည်ပရေးရာဖွံ့ ဖြိုးမှုဝန်ကြီး  ရော်ရီစတီးဝပ်၊  နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်နဲ့  ကျန်းမာရေးဝန်ကြီး  မက်ဟန်ကော့တို့ပဲ  ဖြစ်ပါတယ်။  နောက်ထပ် ယှဉ်ပြိုင်မယ့်သူတွေလည်း တိုးလာနိုင်ပါသေးတယ်။သူတို့တွေရဲ့   ယှဉ်ပြိုင်မှုကနေ တစ်ဆင့် ဗြိတိန်နိုင်ငံရဲ့  ဝန်ကြီးချုပ်ဘယ်သူဖြစ်လာမလဲဆိုတာ အဖြေထွက်မှာပဲ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်သစ် ရွေးချယ်မှုရလဒ်ကိုတော့ ဇူလိုင်လကုန်လောက်မှာ သိရမယ်လို့ ခန့်မှန်းထားပါတယ်။ ထရီဆာမေဟာ ဇွန် ၇ ရက်မှာ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပေမယ့် ပါတီခေါင်းဆောင် ရွေးချယ်စဉ်ကာလမှာတော့ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေဦးမှာပါ။

ကျန်းမာရေးဝန်ကြီးမက်ဟန်ကော့

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် ဝင်ရောက်အရွေးခံမယ်လို့ မစ္စတာ မက်ဟန်ကော့က ကြေညာပြီးတဲ့နောက်မှာတော့ ပါတီဟာ လတ်တလောလိုအပ်ချက် အတွက် ခေါင်းဆောင်လိုအပ်နေတာမဟုတ်ဘူး၊ အနာဂတ်မှာ ဦးဆောင်မယ့် ခေါင်းဆောင်လိုအပ်နေတာပဲလို့    လူငယ်မဲဆန္ဒရှင်တွေကို    ရည်ရွယ်ပြီးပြောခဲ့ပါတယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာ  အခြေအနေဖြစ်နေတဲ့  ဘရီးဇစ်ကို ဖြေရှင်းဖို့ရာ အထွေထွေရွေးကောက်ပွဲ   ပြုလုပ်ဖို့ကိုလည်း  သူကသဘောမတူပါဘူး။  ဒါဟာ တိုင်းပြည်ကို ဒုက္ခရောက်စေမယ့်အရာလို့ ပြောပါတယ်။ သူအာရုံစိုက်ရမယ့်အရာကတော့ ဗြိတိန်ဥရောပသမဂ္ဂကနေ  နုတ်ထွက်ဖို့အတွက် စာချုပ်ကို ပါလီမန်က လက်ခံလာအောင်လုပ်ဖို့ပဲလို့  ပြောပါတယ်။  ဗြိတိန်နိုင်ငံဟာ  လွန်ခဲ့တဲ့သုံးနှစ်တာကာလ အတွင်းမှာ နိုင်ငံရေးခရီးကြမ်းကို ဖြတ်သန်းလာခဲ့ပြီး အနာဂတ်မှာ ရှေ့ဆက်နိုင်ဖို့ပဲ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။ ၂၀၂၀ ဝန်းကျင်ကာလတွေမှာ   တိုင်းပြည်ဟာ အခက်အခဲကြားမှာ  ရှေ့ဆက်ရှင်သန်နိုင်ဖို့ အသစ်အသစ်တွေ စတင်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

ပြည်ပရေးရာဖွံ့ ဖြိုးမှုဝန်ကြီး ရော်ရီစတီးဝပ်

ပြည်ပရေးရာဖွံ့ ဖြိုးမှုဝန်ကြီး ရော်ရီစတီးဝပ်ကတော့ ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်မယ့်ဘက်က  ရပ်တည်တာလား။  ဒါမှမဟုတ်  မနုတ်ထွက်လိုတဲ့ဘက်က ရပ်တည်တာလားဆိုတာကို အမှန်အတိုင်းပြောကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဘောရစ် ဂျွန်ဆင်ဦးဆောင်တဲ့  အစိုးရအဖွဲ့မှာတော့ သူက   တာဝန်မထမ်းဆောင်နိုင်ဘူးလို့  ပြောပါတယ်။ ဘာလို့လဲဆိုရင် ဘောရစ်ဂျွန်ဆင်ဟာ နုတ်ထွက်ရေးအတွက်စာချုပ် မရှိဘဲ နုတ်ထွက်ဖို့ကို ထောက်ခံတဲ့သူဖြစ်နေလို့ပါပဲ။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်

နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဘောရစ် ဂျွန်ဆင်ကတော့    ဆွစ်ဇာလန်မှာ    ပြုလုပ်ခဲ့တဲ့  ညီလာခံမှာ ခေါင်းဆောင်သစ်ဖြစ်လာမယ့်သူဟာ မတူညီတာတွေကို ပြုလုပ်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လာမယ့်အောက်တိုဘာ  ၃၁  ဆိုရင်  နုတ်ထွက်ရေးအတွက်  စာချုပ်ရှိသည်ဖြစ်စေ  မရှိသည်ဖြစ်စေ ဥရောပသမဂ္ဂကနေ နုတ်ထွက်ရတော့မှာပါ။ အဲဒီတော့ အကောင်းဆုံးနည်းလမ်းကတော့  စာချုပ်မပါဘဲ  နုတ်ထွက်ရေးပဲဖြစ်ပါတယ်လို့      ဘောရစ်ဂျွန်ဆင်က      ပြောပါတယ်။ ကွန်ဆာဗေးတစ်ခေါင်းဆောင်တွေကြား ယှဉ်ပြိုင်မှုအတွက် စဉ်းစားရတဲ့ အနေအထားမှာ ရှိနေလိမ့်မယ်လို့လည်း  ယူဆရပါတယ်။ လက်ရှိအလုပ်သမားနဲ့ ပင်စင်ရေး ရာဝန်ကြီး  အမ်ဘာရုဒ်ကတော့ မိမိကိုယ်တိုင်က ဘာဆိုတာထက်  ဘရီးဇစ်အရေးကို ပိုပြီးဦးစားပေးမယ့်သူ  လိုအပ်တယ်လို့  ပြောပါတယ်။  ခေါင်းဆောင်နေရာအတွက်  ဘယ်သူ့ကို ထောက်ခံသလဲလို့ မေးမြန်းရာမှာတော့ အမ်ဘာရုဒ်က ဘယ်သူ့ကို ထောက်ခံ တယ်ဆိုတာထက် ဘရီးဇစ်အရေးမှာ ညှိနှိုင်းလိုစိတ်ရှိတဲ့သူ၊   လက်တွေ့ ပိုကျတဲ့သူကို ခေါင်းဆောင်အဖြစ် လိုအပ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ထရီဆာမေရဲ့ဆန္ဒ

ထရီဆာမေကတော့ သူနုတ်ထွက်မယ်လို့ ကြေညာခဲ့တဲ့အချိန်မှာ    သူ့နောက် ဆက်ခံမယ့်သူကို မှာကြားခဲ့တာရှိပါတယ်။ အဲဒါကတော့ လူထုဆန္ဒခံယူပွဲပြုလုပ်တုန်းက  ရလဒ်ကို   တန်ဖိုးထားဖို့ပါပဲ။ အဲဒီနောက်ပါလီမန်မှာ ဆန္ဒခံယူဖို့ပါပဲ။  တကယ်လို့များ ကွန်ဆာဗေးတစ်တွေဟာ စာချုပ်မရှိဘဲ အီးယူ ကနေ နုတ်ထွက်မယ့်သူကို ရွေးကောက်ခဲ့ရင်  လေဘာပါတီရဲ့ သဘောထားဟာ ပိုပြီးခက်ထန်လာမယ်လို့  လေဘာပါတီခေါင်းဆောင်  ဂျွန်မက်ဒွန်နယ်က  ပြောပါတယ်။  တကယ်လို့များ  ဗြိတိန်ဟာ  စာချုပ်မရှိဘဲ အီးယူကနေ နုတ်ထွက်ရမယ်ဆိုရင်  အခြားသောပါလီမန်အမတ်တွေကိုပါ စည်းရုံးပြီး စာချုပ်မပါဘဲ နုတ်ထွက်ဖို့လုပ်တဲ့အစိုးရကို ဖြုတ်ချဖို့ ကြိုးစားရမှာပဲလို့ မက်ဒွန်နယ်က ပြောပါတယ်။

အလုပ်သမားနဲ့ ပင်စင်ရေးရာဝန်ကြီးဟောင်း အက်စ်သာမက်ဗေး ရုပ်သံတင်ဆက်သူလည်းဖြစ် အလုပ်သမားနဲ့ ပင်စင်ရေးရာဝန်ကြီးဟောင်းလည်း ဖြစ်တဲ့    အက်စ်သာမက်ဗေးကတော့  ဘရီးဇစ်ကို    ထောက်ခံသူဖြစ်ပြီး  ပြီးခဲ့တဲ့နိုဝင် ဘာလက ထရီဆာမေရဲ့ ဘရီးဇစ်စာချုပ်ကို ကန့်ကွက်ခဲ့သူလည်းဖြစ်ပါတယ်။ ကွန်ဆာဗေးတစ် ခေါင်းဆောင်အဖြစ် အရွေးခံရနိုင်သလားလို့ သူ့ကိုမေးမြန်းတဲ့အခါမှာတော့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေကသာ ထောက်ခံပေးခဲ့ရင်တော့  ဖြစ်နိုင်ခြေရှိပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

နိ်ုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်

ဂျရယ်မီဟန့်ကတော့ အရင်ကျန်းမာရေးဌာနမှာ လုပ်ကိုင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် နုတ်ထွက်သွားခဲ့တဲ့နောက်မှာတော့  နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်တုန်းက အီးယူမှာပဲ ဆက်လက်တည်ရှိလိုတဲ့ဘက်က လှုပ်ရှားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘရီးဇစ်ကို ထောက်ခံသူအဖြစ် ပြောင်း လဲသွားတဲ့အခါမှာတော့    ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။  ကွန်ဆာဗေးတစ် အမတ်တွေဟာ ဇွန် ၁၀ ရက်မှာတော့  အမည်စာရင်း တင်သွင်းတာတွေ  ပြုလုပ်မှာဖြစ်ပါတယ်။  အဲဒီနောက်မှာတော့ ယှဉ်ပြိုင်သူတွေကို စိစစ်တာတွေ ပြုလုပ်မှာဖြစ်ပြီး ဇူလိုင်လမှာတော့ ပါတီအဖွဲ့ဝင်တွေဟာ  ခေါင်းဆောင်သစ်ကို   ဆုံးဖြတ်ကြ တော့မှာပဲ ဖြစ်ပါတယ်။

ဘယ်သူတွေ ဆက်လက်ယှဉ်ပြိုင်မလဲ

ပါဝင်ယှဉ်ပြိုင်သူတိုင်းဟာ အဆိုပြုသူနှစ်ဦးရှိရမှာ ဖြစ်ပါတယ်။ ကွန်ဆာဗေး တစ်အမတ်တွေဟာ နောက်ဆုံးနှစ်ဦးသာကျန်တဲ့အထိ     ဆက်တိုက်မဲပေးမှုတွေ  လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။  လွန်ခဲ့တဲ့နှစ် မတ်လကစပြီး ကွန်ဆာဗေးတစ်ပါတီမှာ အဖွဲ့ဝင်ပေါင်း ၁၂၄၀ဝဝ ခန့်ရှိပါတယ်။ ၂၀ဝ၅ ခုနှစ် မှာ ဒေးဗစ်ကင်မရွန်းကို ဝန်ကြီး ချုပ်အဖြစ် ရွေးချယ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ထရီဆာမေက ရွေးကောက်ခံခဲ့ရပါ တယ်။ အခုအချိန်ဟာတော့ ကွန်ဆာဗေးတစ်တွေအနေနဲ့ ပထမဆုံးအကြိ်မ်အဖြစ် ဝန်ကြီးချုပ်ကို တိုက်ရိုက်ရွေးချယ်မှာလည်း ဖြစ်ပါတယ်။ ဒါကတော့လတ်တလောမှာ ထရီဆာမေ နေရာမှာ ဆက်ခံဖို့ ယှဉ်ပြိုင်ကြတဲ့လူတွေဖြစ်ပြီး နောက်ဘယ်သူတွေ  ထပ်ပါလာဦးမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။       ။ 

ကိုးကား- ဘီဘီစီ
ခြူးစန္ဒီနွေး