၂၂ ဧပြီ
ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားသည့် လစ်ဗျားအစိုးရနှင့် အရှေ့ပိုင်းအခြေစိုက် တပ်မတော်တို့ ထရီပိုလီမြို့တော်ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ လူပေါင်း ၂၅၄ဦး သေဆုံးခဲ့ပြီး ၁၂၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရှေ့တန်းဆေးရုံများရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်ဆေးအဖွဲ့များက အရေးကြီးခွဲစိတ်ကုသမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဆေးရုံများအတွက် အကူအညီများပေးလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တနင်္ဂနွေနေ့နှောင်းပိုင်းတွင် တွစ်တာ၌ ရေးသားခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခများ စတင်ဖြစ်ပွားချိန်နောက်ပိုင်း လူပေါင်း ၂၀ဝ၀ဝ ဦးကျော်မှာ ၄င်းတို့၏ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့က တနင်္ဂနွေနေ့ အစောပိုင်းက ပြောကြားခဲ့သည်။
ခါလီဖာဟောတာဦးဆောင်သည့် အရှေ့ပိုင်းအခြေစိုက် တပ်မတော်သည် ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသည့် ထရီပိုလီမြို့တော်ကိုထိန်းချုပ်ရန် ဧပြီလအစောပိုင်းကတည်းက စစ်ဆင်ရေးတစ်ရပ် ဦးဆောင်တိုက်ခိုက်လျက်ရှိသည်။
လစ်ဗျားနိုင်ငံသည် ၂၀၁၁ခုနှစ်အတွင်း ခေါင်းဆောင်ဟောင်း မူအမ်မာကဒါဖီကျဆုံးပြီးနောက်ပိုင်း မတည်ငြိမ်မှုများ၊ ကစဉ့်ကလျားအခြေအနေများ ဖြစ်ပွားလျက်ရှိပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရန် ကြိုးစားရုန်းကန်နေရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်