ဝါရှင်တန် နိုဝင်ဘာ ၉
အီရန်နိုင်ငံတွင် နေထိုင်သော အာဖဂန်နိုင်ငံသားတစ်ဦးသည် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် အမေရိကန်နိုင်ငံရှိ ပစ်မှတ်ထားသူများအား ပူးပေါင်းလုပ်ကြံ သတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်မှု ရှိကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
အမေရိကန်သတင်းထောက်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် အသက် ၅၁ နှစ်အရွယ် ဖာဟတ်ရှကာရီနှင့် ၎င်း၏ အပေါင်းအပါ နှစ်ဦးတို့ကို နယူးယောက်မြို့၌ နိုဝင်ဘာ ၈ ရက်က တရားစွဲဆိုခဲ့ကြောင်း အဆိုပါဌာနက ပြောသည်။
ပစ်မှတ်ထားသူများကို စောင့်ကြည့်ကာ သေနတ်ပစ်ခတ်ရန် ကြံစည်နေသည်ဟုဆိုကာ နှစ်ဦးကို နယူးယောက်မြို့၌ ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့သည် အီရန်တော်လှန်ရေးအစောင့်တပ်မှ ညွှန်ကြားထားသော ရှကာရီနှင့် အဆက်အသွယ်ရှိပုံရကြောင်း သိရသည်။
သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ထရမ့်အား လုပ်ကြံသတ်ဖြတ်ရန် တော်လှန်ရေး အစောင့်တပ်က ၎င်းကို ခိုင်းစေခဲ့ကြောင်း တယ်လီဖုန်းအင်တာဗျူးတစ်ခုတွင် ရှကာရီက ဖက်ဒရယ်စုံစမ်း စစ်ဆေးရေးဗျူရိုသို့ ပြောသည်။ ထို့ပြင် သတ်မှတ်ချိန်အတွင်း လုပ်ကြံမှု အစီအစဉ် အကောင်အထည်မဖော်နိုင်ခဲ့လျှင် ရွေးကောက်ပွဲပြီးမြောက်သည်အထိ ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်းကိုလည်း ၎င်းကို မှာကြားခဲ့ကြောင်း ရှကာရီက ဆက်ပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ အက်စ်မေးလ်ဘာကေးအီက လုံးဝအခြေအမြစ် မရှိဟုဆိုကာ နိုဝင်ဘာ ၉ ရက် ထုတ်ပြန်ချက်တွင် စွပ်စွဲထားမှုကို ငြင်းဆိုခဲ့သည်။ ထို့ပြင် ၎င်းက အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား ဆက်ဆံရေးကို ရှုပ်ထွေးသွားစေရန် ဇီယွန်နစ်ဝါဒီနှင့် အီရန်ဆန့်ကျင် ရေးအသိုင်းအဝိုင်းများ၏ စက်ဆုပ်ဖွယ်ရာပူးပေါင်း ကြံစည်မှုဖြစ်ကြောင်း ပြောကြားသည်။
အင်န်အိတ်ချ်ကေ