ထရန့် ဇွန် ၂၉ တွင် တောင်ကိုရီးယားကို နှစ်ရက်ကြာ လာရောက်မည်

၂၄ ဇွန် 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တောင်ကိုရီးယားနိုင်ငံသို့ ယခု သီတင်းပတ် စနေ ၊ တနင်္ဂနွေတွင် နှစ်ရက်ကြာ လာရောက်မည် ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတထရန့်သည် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပရန် တောင်ကိုရီးယားနိုင်ငံသို့ လာမည့် စနေနေ့နှင့် တနင်္ဂနွေ နေ့ တို့တွင် တရားဝင်လာရောက်မည်ဖြစ်ကြောင်း အိမ်ပြာတော် ပြောရေးဆိုခွင့်ရှိသူ  Ko Min-jung က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ထိုဆွေးနွေးပွဲတွင် သမ္မတမွန်း နှင့် ထရန့် တို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် ထပ်မံလုပ်ဆောင်နေစဉ် ကိုရီးယားကျွန်းဆွယ် အရေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး ရေရှည်တည်တံ့ရေးနှင့် နျူကလီးယားလုံးဝကင်းစင်ရေးတို့အပေါ် နှစ်နိုင်ငံအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် မည်သို့လုပ်ဆောင်ရမည်ကို လေးလေးနက်နက် ဆွေးနွေးကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

သမ္မတ မွန်း နှင့် ထရန့်တို့သည် ပြီးခဲ့သည့် ဧပြီလက ဝါရှင်တန်တွင် နောက်ဆုံးဆွေးနွေးပွဲ ကျင်းပခဲ့ပြီးသည့်နောက်ပိုင်း သုံးလအတွင်း ယခုလိုထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သမ္မတ ထရန့်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဆိုးလ်မြို့သို့နောက်ဆုံးလာရောက်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းမပြုမီ ဂျပန်နိုင်ငံ အိုဆာကာတွင်  ဇွန် ၂၈ -၂၉ ရက်တွင် ကျင်းပမည့် ဂျီ -၂၀ ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

သမ္မတ ထရန့်သည် သမ္မတ မွန်း၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံ သို့ လာရောက်မည်ဖြစ်ကြောင်း ထိုအိမ်ပြာတော် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယင်းထိပ်သီးဆွေးနွေးပွဲတက်ရောက်မည့် ထရန့်၏တောင်ကိုရီးယား ခရီးစဉ် အသေးစိတ်ကို  နောက်ပိုင်းတွင် ဖော်ပြသွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို