ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ အမြန်တိုးချဲ့တည်ဆောက်ပေးသွားရန် ကုမ္ပဏီများသို့ စဉ်ဆက်မပြတ် တွန်းအားပေး ကြီးကြပ်သွားမည်

နေပြည်တော် ၁၅ ဇန်နဝါရီ


ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀ဝ KVA ထရန်စဖော်မာ (၅၀) လုံး သို့မဟုတ် ၃၁၅ KVA (၃၀) လုံး ချထားပေးရန်နှင့် လိုအပ်သော ခွဲရုံများ တပ်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဒု-ဝန်ကြီး ဒေါက်တာထွန်းနိုင်က ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) မှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အား ၁-၃-၂၀၁၆ ရက်နေ့မှ ယနေ့အချိန်အထိ Myanmar Global Lighting Star Co.,Ltd သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းနှင့် လက်လီ ရောင်းချခြင်း (Franchised) လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း။ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း အိမ်သုံးမီတာ (၄၄၈) လုံး တပ်ဆင်ပေးရန် ကျန်ရှိနေပြီး၊ ထိုမီတာများ ခွင့်ပြု တပ်ဆင်ပေးနိုင်ရေးအတွက် ၁၁/ဝ.၄ ကေဗွီ ၊ ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ (၄၂) လုံးနှင့် ဆက်စပ်ဓာတ်အားလိုင်းများကို Myanmar Global Lighting Star Co.,Ltd က တည်ဆောက်ပေးရမည် ဖြစ်ကြောင်း။


ထို့ပြင် စက်မှုဇုန် (၁) အတွင်း လျှပ်စစ်ဓာတ်အား တောင်းခံမှုများ ခွင့်ပြုပေးနိုင်ရန် ၁၁ ကေဗွီ ကောင်းကင်ဓာတ်အားလိုင်း ပေ (၁၉၀ဝ)ခန့် အသစ်တည်ဆောက်၍ ဝန်အားပြည့်နေသော ၁၁ ကေဗွီ ဖီဒါ No-2 ဝန်အားမျှခြင်း လုပ်ငန်းများကို ကုမ္ပဏီက ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း။

YESC က Franchised ကုမ္ပဏီသို့ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြား ခဲ့သဖြင့် ကုမ္ပဏီက ဦးစားပေးအလိုက် ၁၁/ဝ.၄ ကေဗွီ၊ ၂၀ဝ ကေဗွီအေ ထရန်စဖော် မာ (၁၉) လုံးနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ပေ (၁၉၀ဝ) ခန့် အသစ် တည်ဆောက် ခြင်း လုပ်ငန်းများအား ၂၀၁၈ခုနှစ်  မတ်လကုန်ခန့်တွင် ပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း၏ မီတာလျှောက်ထားသူ များ မီတာအမြန် တပ်ဆင်နိုင်ရေးအတွက် လိုအပ်သည့် ထရန်စဖော်မာနှင့် ဆက်စပ် ဓာတ်အားလိုင်းများ အမြန်တိုးချဲ့ တည်ဆောက်ပေးသွားရန် Myanamar Global Lighting Star Co.,Ltdသို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက စဉ်ဆက်မပြတ် တွန်းအားပေး၍ ကြီးကြပ်သွားမည် ဖြစ်ပါကြောင်းနှင့် ကုမ္ပဏီဘက်က တာဝန်ပျက်ကွက်မှု ဆက်လက်ဖြစ်ပေါ်နေပါက ပြည်သူတို့၏ လျှပ်စစ်အသုံးပြုခွင့် ထိခိုက်မည်ဖြစ်ပါ၍ စာချုပ်ပါ စည်းမျဉ်းအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။


MDN