ထရန့်နဲ့ ပြဿနာဖြစ်အပြီးမှာ အမေရိကန်ဆိုင်ရာ ဗြိတိန်အမတ် ရာထူးကနှုတ်ထွက် 

၁၁ ဇူလိုင် 

 


ဝါရှင်တန်ရှိ ဗြိတိန်သံအမတ်ဟာ မနေ့က တာဝန်ကနေ နှုတ်ထွက်ကြောင်း သိရပါတယ်။ ဝါရှင်တန်ဆိုင်ရာ ဗြိတိန်သံရုံးရဲ့ အီးမေးလ်ထဲမှာ သမ္မတ ထရန့်နဲ့ အိမ်ဖြူတော်ကို ပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။ အဲဒီ အီးမေးလ် ပေါက်ကြားမှုကြောင့် သမ္မတ ထရန့်က ဝါရှင်တန်ရှိ ဗြိတိန်သံအမတ်ကို သိပ်တုံးတဲ့လူ၊ သူ့အနေနဲ့ ဝါရှင်တန်ရှိ ဗြိတိန်သံအမတ်ကို ဆက်ဆံဖို့ မရှိဘူးလို့ တွစ်တာမှာရေးသားပါတယ်။ 

 

အဲဒီလိုအခြေအနေဟာ  ဗြိတိန်သံအမတ် ဆာ ကင် ဒါရော့ချ် ကို ပစ်မှတ်ထားပြီး ပြောဆိုတဲ့အတွက် တာဝန်ကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ 

 

ဝန်ကြီးချုပ်ရာထူးကနေ အနားယူတော့မယ့် ထရီဇာမေက ကင် ဒါရော့ချ်ကို ထောက်ခံကြောင်း ပြောနေချိန်မှာ ဝန်ကြီးချုပ်ဖြစ်နိုင်ချေရှိတဲ့ ဘောရစ်ဂျွန်ဆင်ကတော့ ကင် ဒါရော့ချ်ကို ထောက်ခံဖို့ ငြင်းဆိုပြီး အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရမယ်လို့ ဆိုပါတယ်။ 

 

ထရီဇာမေက ဒါရော့ချ် နှုတ်ထွက်မှုအပေါ် တော်တော်စိတ်မကောင်းဖြစ်ရတယ်။ အစိုးရကောင်းဆိုတာက ပွင့်ပွင့်လင်းလင်းနဲ့ ရင်းရင်းနှီးနှီး သတင်းပေးနိုင်တဲ့ ပြည်သူ့ဝန်ထမ်းအပေါ်မှာ မှီခိုနေရတယ်လို့ ပြောပါတယ်။

 

ဒါရော့ချ်ဟာ အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် ၂၀၁၆ နှစ်ကစတင် ဆောင်ရွက်ခဲ့ပြီး ဒီနှစ်ကုန်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ 

 

အမတ်တာဝန်က နှုတ်ထွက်တဲ့ စာထဲမှာ အခုအခြေအနေဟာ သူ့တာဝန်ကို အရင်လို ထမ်းဆောင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ရေးသားထားပါတယ်။ 

 

ဝန်ကြီးချုပ်နေရာကို ဘောရစ် ဂျွန်ဆင်နဲ့ အပြိုင်ယှဉ်ပြိုင်နေတဲ့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီ ဟန့် ကတော့ ဒါရောချ် နှုတ်ထွက်မှုနဲ့ပတ်သက်ပြီ အခုလိုအခြေအနေအထိ မဖြစ်သင့်ဘူးလို့ ပြောသလို ထရန့်ရဲ့ ဝေဖန်မှုဟာ ဗြိတိန်နိုင်ငံနဲ့ ဝန်ကြီးချုပ်ကို မလေးစားရာရောက်တယ်လို့ ဆိုပါတယ်။ 

 

အခု အီးမေးလ်ပေါက်ကြားမှုကို ဗြိတိန်အစိုးရက ရဲကိုသတင်းပို့ထားပြီး စုံစမ်းထောက်လှမ်းနေတယ်လို့ သိရပါတယ်။ အီးမေးပေါက်ကြားမှုဟာ ဘရစ်ဇစ်ကို လိုလားတဲ့သူဆီကနေ ပေါက်ကြားတယ်လို့ ခန့်မှန်းပြောဆိုနေပါတယ်။ 

 

ထရန့်က သံအမတ်နေရာကို ဘရစ်ဇစ်ပါတီခေါင်းဆောင် နိုက်ဂျယ်ဖာရာ့ချ် ရသင့်တယ်လို့ ပြောနေပါတယ်။ သံမတ်ရာထူးဟာ နိုင်ငံရေးသမားထက် သံတမန်ဘက်ကသူတွေသာ တာဝန်ပေးလေ့ရှိပါတယ်။ 

 

နိုက်ဂျယ်ဖာရာ့ချ်က ဒါရော့ချ် နှုတ်ထွက်တာမှန်တယ်။ ဒီအချိန်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးအတွက် ဘရစ်ဇစ်လိုလားသူသာ တာဝန်ပေးသင့်တယ်လို့ ပြောပါတယ်။ 

 

MDN
ကိုးကား - AFP