မြိတ်  ၁၃  မေ

မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ကုန်စည်ကူးသန်း ပို့ဆောင်ရာရေးတွင် အဓိကလမ်းမကြီးအနေဖြင့် အသုံးပြုသွားလာနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်မှ BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည့် မြိတ်မြို့နှင့် မောတောင်နယ်စပ်မြို့ကို ဆက်သွယ်ဖောက်လုပ်ခဲ့သည့် ထုံခါ-သဲဖြူ -မောတောင် နှစ်လမ်းသွား ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို မေလ၁၂ ရက် နံနက် ၈ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်မြို့၊ သိန်ခွန်းကျေးရွာ၊ ၁၀ ကီလိုမီတာရှိ ထုံခါ-သဲဖြူ -မောတောင်လမ်းအပိုင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။  

 

201920

 

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ထုံခါ-သဲဖြူ-မောတောင်လမ်း ဖောက်လုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်သူရက ယခုလမ်းဖောက်လုပ်ပြီးစီးပြီဖြစ်သဖြင့် ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲစွာ သွားလာခဲ့သောလမ်းမှာ ယခုအခါ အခက်အခဲမရှိ သွားလာနိုင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေနဲ့ လူမှုရေး၊ စီးပွားရေး၊ ကုန်စည်ကူးသန်း ပို့ဆောင်ရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်မှ ဥက္ကဋ္ဌ ဦးလှသန်းက မောတောင် နယ်စပ် စခန်းကို မြန်မာဘက်မှ တရားဝင် ဖွင့်လှစ်ခဲ့ပြီး ထိုင်းဘက်ကမူ ပရာကျွတ်မြို့ရှိ ဆင်ခွန်းဂိတ်ကိုအထူးယာယီ နယ်စပ်ဂိတ် အဖြစ်သာရှိတာကြောင့် ပြည်သူများအနေနဲ့ လူမှုရေး၊ စီးပွားရေး၊ ကုန်စည်ကူးသန်း ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တာဝန်ရှိအကြီးအကဲ့များကို ထိုင်နိုင်ငံဘက်တွင် နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းပေးကြရန် အကူအညီတောင်းခံပြောကြားပြီး ထုံခါ-သဲဖြူ-မောတောင်လမ်း ကတ္တရာလမ်း သစ် ဆောင်ရွက်ပေးမှုအပေါ် သိန်ခွန်းကျေးရွာ ဒေသခံပြည်သူတစ်ဦးဖြစ်သူ ချောင်းကြီးကျေးရွာနေသူ ဦးစိုးရီက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တာဝန်ရှိသူတို့က ထုံခါ-သဲဖြူ-မောတောင်လမ်း ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူမျာက ထုံခါ-သဲဖြူ-မောတောင်လမ်း ကတ္တရာလမ်းသစ် ပိုင်းကိုကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်း မောတောင် နယ်စပ်ဂိတ်ကို မြန်မာနိုင်ငံဘက်မှ ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံဘက်ကမူ ပရာကျွတ်မြို့ရှိ ဆင်ခွန်းဂိတ်ကို ၂၀၁၅ ခုနှစ် မေလ ၂၃ ရက်နေ့မှစပြီး ယာယီ နယ်စပ်ဂိတ်အဖြစ်မှ အထူးယာယီ နယ်စပ်ဂိတ် အဖြစ်သို့ တိုးမြင့် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

" မြန်မာ- ထိုင်း နယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်မှ တရားဝင်ဖွင့်လှစ်ပေးနိုင်ပါက မြိတ်ဒေသ၏ အဓိက လုပ်ငန်း ဖြစ်သည့် ရေထွက်ကုန်ပစ္စည်း ငါး၊ ပုစွန်တို့ကို လက်ရှိ ရောင်းချနေရသော ရနောင်းဈေးကွက်အစား ဈေးကောင်း ရရှိသော ထိုင်းနိုင်ငံ၊ မဟာချိုင် ငါးဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည့်အပြင် ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်များနှင့် လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်လာမည်" ဟု မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်မှ ဥက္ကဋ္ဌ ဦးလှသန်းကပြောသည်။

တနင်္သာရီ- မောတောင် လမ်းမကြီး ဖောက်လုပ်ပြီးစီးသွားပြီးဖြစ်သောကြောင့် မြိတ်မြို့မှ ဘန်ကောက်၊ မဟာချိုင် ငါးဈေးကြီးသို့ အချိန် ၇ နာရီ အတွင်း ရေထွက်ပစ္စည်းများကို တင်ပို့ရောင်းချနိုင်မည် ဖြစ်ပြီး၊ ရေထွက် ပစ္စည်းများအပြင် အခြားဒေသထွက် ကုန်များကိုလည်း မောတောင် နယ်စပ်ဂိတ်မှ တစ်ဆင့် တစ်ဘက်ထိုင်းနိုင်ငံသို့ အလွယ်တစ်ကူတင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

 "မောတောင် နယ်စပ်ဝင်ပေါက်ဂိတ်မှ တစ်ဆင့် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်လာခြင်းဖြင့် မြိတ်ဒေသအတွင်း ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများလည်း ဖွံ့ဖြိုးလာမည့် အပြင် ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း "ဒေသခံ လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။

အဆိုပါ ထုံခါ- သဲဖြူ- မောတောင်လမ်းပိုင်းကို မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်က BOT စနစ်ဖြင့် ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းဆောင်ရွက်ပေးခဲ့သည့် လမ်းအရှည်မှာ ၄၈ မိုင် ၂ ဖာလုံနှင့် လမ်းအကျယ် ၂၆ ပေ နှစ်လမ်းသွားစနစ်ဖြင့် (၆)နှစ် တာကာလအတွင်း မြန်မာကျပ်ငွေ (၂၄) ဘီလီယံခန့်အ ကုန်ကျခံ ဖောက်လုပ်ပေးခဲ့ပြီး မြိတ်မြို့မှ မောတောင်မြို့ နယ်စပ်ဂိတ်အထိ  မိုင်ပေါင်း (၁၂၀) ခန့် ကွာဝေးကြောင်း သိရသည်။

မြင့်ဦး(မြိတ်)