ကျောက်ဆည် ဒီဇင်ဘာ ၆
စိုက်ပျိုးသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြောင်းများပြုပြင်ပေးခြင်း၊ ရေပေးပြွန်များနှင့် ရေကျအဆောက်အအုံများ၊ ရေတံခါးများအား ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ထုံးကြီးဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေများပေးနေသည့် ထုံးကြီးမြောင်းမှ ပျက်စီးနေသည့် ရေပြွန်(၉)လုံးအား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးသဖြင့် ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၃၄၈) ဧက အောင်မြင်စွာစိုက်ပျိုးနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါရေပေးပြွန်များမှာ လေးဆယ်ကုန်းကျေးရွာအနီး မြောင်းအမှတ် -၀+၇၈၈ မှ ၅+၀၉၀ အတွင်းရှိ ရေပြွန်များဖြစ်ပြီး ပျက်စီးနေသည့် အရှည်ပေ(၂၀)၊ အကျယ်(၆)လက်မ ရေပြွန်(၈)လုံးနှင့် အရှည်ပေ (၂၀)အရှည် အကျယ် (၉)လက်မ ရေပြွန်(၁)လုံးတို့အား သံကူကွန်ကရစ်ပြွန်များဖြင့် ပြန်လည် အစားထိုး ပြုပြင်ပေးခဲ့ပြီး၊ ရေပြွန်များရေရှည်ခိုင်မာရေး ရေပြွန်ထိပ်နဖူးစည်းများတွင် ကျောက်သားနံရံစီခြင်း၊ ရေပေးဝေရာတွင် လိုအပ်သလိုထိန်းညှိပေးနိုင်ရေး ထိန်းချုပ်ရေတံခါးတပ်ဆင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် အဆိုပါရေပြွန်များ အစားထိုးပြုပြင်ပေးခြင်းကြောင့် ထုံးကြီးမြောင်းမှ သီးနှံမျိုးစုံ(၂၃၄၈)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရာသီမရွေး ရေအလေအလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏပြည်ဝစွာ မြောင်းအဆုံးမြောင်းအဖျားရှိ စိုက်ခင်းများအထိ ရေများပေးဝေနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)