၂၇ ဇွန်

ခေတ်အဆက်ဆက်မှသည် ယနေ့အထိ မြန်မာနိင်ငံသည် စိုက်ပျိုးရေးကို အခြေခံ၍   ရပ်တည်နေရဆဲနိုင်ငံဖြစ်သည်။   လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးရပ်တည်နေကြရသည့်        မြန်မာနိုင်ငံ၏        အများစုသော တောင်သူလယ်သမားတို့မှာ အခက်အခဲများနှင့် ရင်ဆိုင်ကြရသည့်အနက် လက်ရှိအခြေအနေတွင်    စိုက်ပျိုးရေးထွက်ကုန်များအတွက်    သေချာခိုင်မာသော  ဈေးကွက်တို့  ပျောက်ကွယ်နေခြင်းပင်ဖြစ်သည်။ တောင်သူတို့၏  စိုက်ပျိုးသီးနှံများအတွက်    ဈေးကွက်မရှိခြင်း၊    ထိုက်သင့်သည့် ဈေးနှုန်းမရရှိခြင်း    စသည့်အကြောင်းတရားတို့ကြောင့်    စိုက်ပျိုးရေး ကဏ္ဍမှာ တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာပြီလောဟု တွေးစရာဖြစ်လာသည်။ တောင်သူတို့၏ သားသမီးမျိုးဆက်များက လယ်ယာစီးပွားရေးကို စွန့်ခွာကြသည်။ စားဝတ်နေရေးအတွက် ဇာတိဒေသကို စွန့်ခွာကာ အခြား အလုပ်အကိုင်များဆီသို့ ကူးပြောင်းကြသည်။

တောင်သူတို့    စိုက်ပျိုးထုတ်လုပ်ကြသည့်      ထွက်ကုန်အများစုမှာ ဈေးကွက်တစ်ခုတည်းကိုသာ  မှီခိုကာ  စိုက်ပျိုးထုတ်လုပ်ကြခြင်းဖြစ်သည့်အတွက် ၄င်းတို့ မှီခိုထားသည့် ဈေးကွက်က ဝယ်ယူခြင်းမရှိသည့်အခါ (သို့မဟုတ်)    ထုတ်လုပ်ထားသလောက်    ဝယ်ယူခြင်း    မရှိသည့်အခါ (သို့မဟုတ်)  ဈေးနှိမ်ဝယ်ယူသည့်အခါ  စိုက်ပျိုးထုတ်လုပ်သူ  တောင်သူလယ်သမားတို့မှာ  ထိခိုက်ဆုံးရှုံးမှုများနှင့်  ရင်ဆိုင်ကြုံတွေ့ ကြရသည်။ တစ်ဖက်တွင်လည်း ပတ်ဝန်းကျင်နိုင်ငံများမှ တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်မှုချင်း  ယှဉ်ပြိုင်နိုင်စွမ်း  မရှိသည့်အတွက်  ထုတ်ကုန်သီးနှံများ၏ ထုတ်လုပ်နိုင်မှုပမာဏ၊ ထုတ်ကုန်သီးနှံများ၏ အရည်အသွေး၊ ထုပ်ပိုးမှုပုံစံ၊    တန်ဖိုးမြှင့်ထုတ်ကုန်များ    ထုတ်လုပ်နိုင်မှု  စသည်တို့တွင် နောက်ကျကျန်ခဲ့သည့်အလျောက်  ဈေးကွက်တွင်လည်း  ဝယ်သူကသာ အကဲသာသည့် အခြေအနေတို့နှင့် ရင်ဆိုင်ကြရသည်။

တောင်သူတို့၏  အခက်အခဲနောက်တစ်ခုမှာ  မျိုးကောင်းမျိုးသန့် ရရှိရေးဖြစ်သည်ဟူ၍လည်း သိရသည်။ စိုက်ပျိုးသီးနှံများအတွက် မျိုးများကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းကြရပြီး အရည်အသွေးအာမခံချက် မရှိသည့်အတွက် ထိခိုက်ဆုံးရှုံးမှုများ တွေ့ကြုံကြရသည်။ ဈေးကွက်အာမခံ ချက်မရှိခြင်း၊  မျိုးစေ့အာမခံချက်မရှိခြင်းတို့အပြင်  နောက်တစ်မျိုးမှာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ၏ အရည်အသွေးနှင့် စပ်လျဉ်း၍ အာမခံချက်မရှိခြင်းဖြစ်သည်ဟု တောင်သူတို့က  ဆိုကြသည်။  ဈေးကွက်အတွင်း  အချို့တရားမဝင်ရောင်းချနေကြ သည့်  စိုက်ပျိုးရေးသုံးဆေးဝါးများကြောင့်  စိုက်ပျိုးမြေများ  ပျက်စီးမှု ဖြစ်ပေါ်ရသည်ဟုလည်း ဆိုကြသည်။ စိုက်ပျိုးရေးကဏ္ဍအတွက် နောက်ထပ်အခက်အခဲတစ်ခုမှာ လုပ်သားရှားပါးမှုပြဿနာဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင်  လုပ်ကိုင်သည်ထက်  ပို၍ဝင်ငွေကောင်းသော၊ ပို၍သက်သာသောလုပ်ငန်းများဆီသို့  ကူးပြောင်းသွားကြခြင်းကြောင့် လုပ်သားရှားပါးမှုဖြစ်ပေါ်လာပြီး လုပ်အားခကြီးမြင့်မှုကြောင့် ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်များလည်း မြင့်တက်လာရသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာ့လယ်ယာစီးပွားရေး ကဏ္ဍ၏ အခက်အခဲများအတွက် အစိုးရဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားတို့အကြား အချိတ်အဆက် အားကောင်းကောင်းနှင့် ပူးပေါင်းဖြေရှင်းသွားကြဖို့လိုအပ်သည်ဟု ယူဆမိသည်။ စိုက်ပျိုးရေးထွက်ကုန်တစ်ခုစီအတွက် ဈေးကွက်တစ်ခုတည်းကိုသာ မှီခိုထုတ်လုပ်နေရမှုမှ လွတ်မြောက်နိုင်ရန် ဈေးကွက်သစ်များ ရှာဖွေရေး၊  သီးနှံဈေးကွက်များ၏ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ  သိရှိနိုင်စေရန် ဈေးကွက်သတင်းများ ဖြန့်ဝေရေး၊ အရည်အသွေး ပြည့်ဝကောင်းမွန်သော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးစသည်တို့အတွက် သက်ဆိုင်ရာတို့မှ  ဆောင်ရွက်ပေးသကဲ့သို့  ကာယကံရှင်တောင်သူများ အနေဖြင့်လည်း ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသကဲ့သို့ ဉာဏ်နှင့် ဝီရိယတို့ကို အားထည့်စိုက်ထုတ်နိုင်ပါမှ  နိုင်ငံတကာဈေးကွက်တွင်  ယှဉ်နိုင်မည်ဟု ယုံကြည်မိပါကြောင်း။       ။

မြန်မာ့အလင်း