ထူးကဲစုံမြဲတပို့တွဲ

စိန်ဌေးလှိုင် (ဟိုပုံးမြေ)

တပို့တွဲလသည် မြန်မာပြက္ခဒိန်၏ ဧကဒသမ မြောက်လဖြစ်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ကျရောက်တတ်ရာ ယခုနှစ်တွင် ဖေဖော်ဝါရီလအတွင်း ကျရောက်သည်။ ဆောင်းဥတု၏ နောက်ပိုင်းကာလဖြစ်ပြီး ရက်မစုံသော လတစ်လ ဖြစ်သည်။ တပို့တွဲဆိုသောဝေါဟာရမှာ “တပိုင်” ဆိုသောစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး ထန်းဖူးကို ဆိုလိုခြင်းဖြစ်၏။ ကာလကြာသည့်အခါ “တပို့” အဖြစ်သို့ ပြောင်းလဲသွားသည်။ “တွဲ” ဆိုသည်ကား အသီးအခိုင်တွဲလောင်းကျခြင်းကို ခေါ်ဆိုသည်။ ထို့ကြောင့် တပို့တွဲဆိုသည်မှာ ထန်းဖူးများထွက်သောလဟု အဓိပ္ပာယ်ရရှိသည်။ ကျောက်စာအရေးအသားတွင် “တပိုင်တွဲ၊ တပိုင်ထွယ်၊ တပို့ထွယ်”ဟု ရေးသားလေ့ရှိသည်။ ဗေဒင် အခေါ်အဝေါ်အားဖြင့် ကုံရာသီ ဖြစ်သည်။ 

“နွေဦးကာလမြူထသောအခါ၊ ရင်းထောင် ရင်းဆွဲဆောင်မြဲအိုးလွယ်ကာ၊ ဓားနီးထက်စွာ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင်ရွှန်းမြိုင်မြိုင်၊ ကလိုင်သားလွယ်လို့တက်သည်နှင့်လေး”ဟူသည့် တျာချင်းတစ်ပုဒ်ကို စာဆိုတော် ဝန်ကြီးပဒေသရာဇာက ရေးစပ်သီကုံးခဲ့သည်။ တပို့တွဲလသည် နွေဦးကာလဖြစ်သည့်အားလျော်စွာ ထန်းပင်များမှ ထန်းနို့ဖူးများ စတင်ထွက်ရှိချိန်ဖြစ်သည်။ ထန်းတောင်သူတို့မှာ ထန်းပြင်ခြင်းလုပ်ငန်း ဖြစ်သော ထန်းဆွဲမြူအိုးများကို စုဆောင်းကြ၏။ ထန်းလျက်ကြိုချက်ရာတွင် ထင်းမီးအဖြစ်အသုံးပြုရန် ထန်းဖတ်၊ ထန်းလက်နှင့် ပဲစင်းငုံရိုးတို့ကို စုပုံထားကြသည်။ ရင်းထောင်၊ ရင်းဆွဲ၊ ထန်းလျက် ချက်ဖို၊ မိုးပြဲဒယ်၊ မြေအိုးကြီးတို့ကိုလည်း အသင့် ပြင်ဆင်ထားကြ၏။ ထန်းတက်သမားမှာ ကလိုင်ချောင်းကိုကိုင်ကာ အသွားထက်သောဓားနီးကို ခါးတွင်ချိတ်ပြီး ထန်းတက်ရသည်။ တပို့တွဲလ၏ ဦးဆုံးထွက်ပေါ်သည့် “တပို့ဦးထန်းလျက်”မှာ ချိုမြလျက်ရှိပြီး စားသုံးရာတွင် နူးညံ့ကောင်းမွန်လှသည်။

မီးဖုန်းပွဲ

တပို့တွဲလတွင် ကျွဲ၏ချိုဖျားအထိ အေးသည်ဟု အဆိုရှိခဲ့သည်။ ဗုဒ္ဓဘုရားသခင် သက်တော် ထင်ရှားရှိစဉ်အခါက တပို့တွဲလတွင် မီးလှုံခြင်းမပြုရန် ရဟန်းတို့ကို တားမြစ်တော်မူခဲ့ဖူးသည်။ တားမြစ်ရခြင်းအကြောင်းမှာ ထင်းမီးအပူရှိန်ကြောင့် မျက်လုံးကို အရောင်ဝါးစေကာ အသားအရေကို ခန်းခြောက်စေ၏။ မီးလှုံနေစဉ် အပေါင်းအဖော်တို့နှင့်မွေ့လျော်ကာ အကျိုးမရှိသောစကားကို ပြောဆို တတ်ခြင်းကြောင့်ဖြစ်သည်။ သို့သော် တပို့တွဲလအကုန် တပေါင်းလအကူးကြားကာလ ရှစ်ရက်သည် အလွန်ချမ်းအေးသောကြောင့် ထိုရက်များအတွင်း ရဟန်းများကို မီးလှုံဖို့ရာခွင့်ပြုရုံမျှမက ဘုရားရှင်ကိုယ်တော်တိုင်ပင် မီးလှုံတော်မူခဲ့သည်။ ၎င်းကို အစွဲပြုပြီး တပို့တွဲလတွင် မီးဖုန်းပွဲကို ဆင်ယင်ကျင်းပကြသည်။ ရှေးအခါက မီးဖုန်းပွဲကျင်းပပုံမှာ အလှူရှင်များမှာ တောတောင်များသို့ သွားရောက်ကာ နံ့သာ ထင်းများကို ခုတ်ယူစုဆောင်းကြသည်။ ခုတ်ယူရရှိသော ထင်းများကို စုပုံမီးရှို့ကာ ဘုရားစေတီများကို မီးအပူဓာတ်ဖြင့် လှူဒါန်းပူဇော်ကြသည်။ 

ယနေ့ခေတ်ကျင်းပပုံမှာ အမွှေးတိုင်၊ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ သနပ်ခါးတုံး၊ ထင်းစည်းငယ်များကို မိမိတို့နေအိမ်မှ ယူဆောင်လာကာ စေတီ အနီးတွင်ပြုလုပ်ထားသော မီးဖိုအတွင်းထည့်ကာ မီးပူဇော်ကြသည်။ ရှမ်းပြည်နယ်တွင် ယနေ့ထက်တိုင် ကျင်းပမြဲဖြစ်သည်။

ထမနဲပွဲ

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့မှာ တပို့တွဲလ ဟုဆိုလိုက်သည်နှင့် ထမနဲပွဲကို မြင်ယောင်ကြသည်။ ထမနဲပွဲပေါ်ပေါက်လာပုံမှာ တစ်ရံခါသော် မြတ်စွာဘုရားသည် ရဟန်းများနှင့်အတူ အန္ဓဝိန္ဒရွာ သို့ ဒေသစာရီကြွချီတော်မူ၏။ ရွာသူရွာသားတို့မှာ ဆန်၊ ဆီ၊ ဆား၊ ဆေး စသောလှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်ဆောင်ကာ မြတ်စွာဘုရားကြွချီရာသို့ လာရောက်ကပ်လှူကြသည်။ ထိုအချိန်တွင် မြတ်စွာ ဘုရားသခင်သည် လေနာရောဂါခံစားရသည့်အတွက် အရှင်အာနန္ဒာအား ယာဂုဆွမ်းအလှူခံရန် မိန့်တော်မူလိုက်သည်။ အရှင်အာနန္ဒာက မာတုဂါမ တစ်ဦးထံ အလှူခံလိုက်ရာ အလှူရှင်က ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်း၊ မြေပဲ၊ အုန်းသီးဆန်၊ သစ်ကြားသီးတို့ဖြင့် စီရင်ထားသော ယာဂုဆွမ်းကို ကပ်လှူလိုက်သည်။ ဘုရားရှင်က ယာဂုဆွမ်းကို ဘုဉ်းပေးခဲ့ရာ လေနာရောဂါမှာ သက်သာပျောက်ကင်းတော့သည်။ ၎င်းကာလသည် တပို့တွဲလဖြစ်ပြီး ယာဂုကို ချက်ပြုတ်ကပ်လှူရာမှ ထမနဲပွဲဟု ပေါ်ပေါက်လာခဲ့သည်။ ကောက်ညှင်းထမင်းကို နှဲခြင်း သို့မဟုတ် ကြေညက်အောင်ပြုလုပ်ရာမှ “ထမနှဲ” ဆိုသောစကား ပေါ်ပေါက်လာရာ ကာလကြာသည့်အခါ “ထမနဲ” အဖြစ် ပြောင်းလဲလာကြောင်း လေ့လာသိရှိရသည်။ နှမ်းလှော်အနည်းငယ်ထည့်ခြင်းကြောင့် “နှမ်းမနဲ”ဟုလည်း ခေါ်ဆိုကြသည်။ 

ထမနဲထိုးရာတွင် အချိန်အဆရှိသည်။ ထမနဲ ထိုးသောအခါ ထည့်ရမည့် အချိုးအစားကို “စားတော်ရထည် ပေါက်ဝါ၊ လေးပြည်သာထည့်မြဲ၊ ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့၊ နှမ်းဆီလည်း ထည့်ပြန်၊ မြေပဲဆန် အဌသုညငယ်နှင့် ဒုပတ္တိံ သတိ လ ဗီ ဇံ၊ အုန်းသီးစိတ်ကျပ် ဝီသံငယ်၊ လေကတန်ချိန် သတ်နှင့်၊ ချင်းနုဖတ်သိင်္ဂီမျှင်ရွှေ၊ သုံးကျပ်မသွေ”ဟု တေးထပ်ဖြင့် စပ်ဆိုခဲ့ကြသည်။ အဓိပ္ပာယ်မှာ ပထမ ဦးစွာ ကောက်ညှင်းဆန် လေးပြည်ကို ရေစင်အောင် ဆေးထားရပါမည်။ ၎င်းနောက် ဆီ တစ်ပိဿာကို ဒယ်အိုးထဲထည့်ကာ ချင်း သုံးကျပ်သားနှင့် ဆီသတ်ကာ ကောက်ညှင်းနှပ်ရပါမည်။ ကောက်ညှင်းနှပ်၍ ဆီပြန်သည်အထိ ကြေအောင်ယောက်မဖြင့် နှဲရပါမည်။ ကြေမွသွားသော ကောက်ညှင်းကို မြေပဲဆန် အကျက် ၈၀ ကျပ်သား၊ နှမ်းလှော် ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂၀ ကျပ်သားနှင့် ဆား ခုနစ်ကျပ်သားတို့ကို နှံ့အောင်ထည့်ပြီး မွှေလိုက်သောအခါ ထမနဲအဖြစ် ရရှိပါတော့သည်။ ချင်း၊ ကောက်ညှင်း၊ နှမ်း ဆီ စသောအပူဓာတ်အရာများဖြင့် ရောစပ်ထား သည်မှာ အေးချမ်းသော ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိခြင်းမှာ မြန်မာ့ရိုးရာအစားအစာ၏ လိုက်လျော ညီထွေမှုတစ်ခုပင် ဖြစ်ပါသည်။ ထမနဲမှာစား၍ ကောင်းရုံသာမက ရက်ရှည်လည်းအထားခံသည်။ သွားမကောင်းသော အဘိုးအဘွားများပင် တမြုံ့မြုံ့ ဖြင့် စားနိုင်ပါသည်။

တပို့တွဲလ ဆောင်းနှင်းဝေသည့်အချိန်တွင် ထမနဲထိုးပြိုင်ပွဲကို ဆင်နွှဲရသည်မှာ ပျော်ရွှင်ဖွယ် ရာကောင်းလှပါသည်။ မီးဖိုတွင် တည်ထားသော ဒယ်အိုးကြီးအနီးတွင် အားကောင်းမောင်းသန် ယောက်ျားနှစ်ဦးမှာ ခါးတောင်းကိုမြှောင်အောင် ကျိုက်ကာ ထမနဲထိုးရန် ယောက်မကြီးကိုကိုင်ကာ အဆင်သင့်စောင့်နေ၏။ ၎င်းတို့နှစ်ဦးကြားတွင် ရေကိုင်ယောက်ျားတစ်ဦးက ဆောင့်ကြောင့်ထိုင်လျက်ရှိပြီး ထမနဲထိုးရန် အချက်ပေးလိုက်သောအခါ ထမနဲထိုးပွဲကို စတင်လုပ်ဆောင်ပါတော့သည်။ အနီးအနားရှိ အိုးစည်ဝိုင်းကလည်း မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကခုန်နေ၏။ ရေကိုင်ဆရာက ထင်းမီး အလျှော့အတင်းပြုလုပ်ရန် ဆော်‌ဩပေးသည်။ ကောက်ညှင်းနူးနပ်ညီညာမှုရှိစေရန် ရေဖြင့်တောက် ပေးပါသည်။ ထမနဲထိုးသူ၏ လက်အားစိုက်မှုအနေ အထားကိုလည်း ပြောဆိုပေးသည်။ အရသာကောင်းမွန်သည့် ထမနဲတစ်ဒယ်ဖြစ်စေရန် ရေကိုင် ဆရာများမှာ အခရာကျလှသည်။ ထမနဲထိုးပြီးသောအခါ ဒိုင်လူကြီးများက ကောင်း၊ သင့်၊ ညံ့တို့ကို ရွေးချယ်ပြီး အဆင့်အလိုက်ဆုများ ချီးမြှင့်ပေးသည်။ ဆွမ်းတော်ကပ်ကာ ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ပြီးသောအခါ စားပွဲဝိုင်းတွင် ပန်းကန်ပြား ဖြင့်ထည့်ကာ ဝိုင်းဖွဲ့စားကြသကဲ့သို့ တစ်အိမ်တက် တစ်အိမ်ဆင်း ပေးဝေကြသည်မှာ မြန်မာ့ရိုးရာ ဓလေ့တစ်ခုပင် ဖြစ်ပါသည်။

ပေါက်လဲရယ်တဲ့ပွင့်စီစီ

တပို့တွဲလတွင် ပေါက်ပင်နှင့် လက်ပံပင်တို့မှာ တစ်ပင်လုံးရဲရဲနီအောင် ပွင့်ဖူးကြသည်။ လေအဝှေ့တွင် တဝဲဝဲကြွေကျသည်ကို မြင်တွေ့ရသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းလှသည်။ အသစ်ထွက်သော လက်ပံရွက်စိမ်းနုနုနှင့် အနီရောင်လက်ပံပွင့်တို့ ယှဉ်တွဲတည်ရှိနေပုံမှာ ပန်းချီကားတစ်ချပ်ပမာ အလွန်လှပသည်။ ထို့ကြောင့် စာဆိုရှင်မဟာဂီတ ဦးပြုံးချိုက “ပေါက်လဲရယ်တဲ့ပွင့်စီစီ ဝတ်ပန်းသူရာ ရေကြောင့်၊ ဆက်ရက်တွေ သံစုံကြူးတယ် မြူးသည့် ရာသီ၊ ငွေသော်တာကြယ်မာဃငယ်နှင့် ထွန်းလျှံပ ပြည့်ကာညီ၊ ပြာရည်လဲ့မြူခိုး၊ ယာဂုပွဲကိုတဲ့၊ လှမြဲ အလွန်ရွှင်လို့ ဆူးပန်းတွေ ဝေဝေပွင့်ကြတယ်၊ ထူးတင့်မညှိုး”ဟု မဟာဂီတပေါင်းချုပ်တွင် စပ်ဆိုခဲ့သည်။ ဆောင်းဥတုမှာ ကုန်လွန်ခါနီး၍ အစွမ်းကုန် လက်စွမ်းပြသည့်အလား ထင်မှတ်မှားရလောက် အောင် ချမ်းအေးလှသည်။ တပို့တွဲလ အေးမြပုံကို “ဆောင်းကာလအထွက်၊ ထွက်ခတ်ခတ်တယ်” ဟု လည်း ပြောဆိုကြသည်။ “နှာရည်ယိုရွဲ တပို့တွဲ” ဆိုသည့်စကားနှင့်အညီ ရာသီဥတုမှာအအေးပိုခြင်း‌ ကြောင့် လူတို့မှာ အအေးမိနှာစေးတတ်ကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် တပို့တွဲလတွင် မြန်မာ့အစားအစာကို အမြတ်တနိုးတန်ဖိုးထားသော မြန်မာ့ ရိုးရာထမနဲပွဲကို ဆင်နွှဲကြသည်။ မြန်မာလူမျိုးများ ၏ သဒ္ဓါတရားထက်သန်စွာဖြင့် ထင်းမီးကိုပင် လှူဒါန်းသည့် မီးဖုန်းပွဲကိုလည်း ကျင်းပကြသည်။ ထို့ပြင် ရာသီဥတုမှာ အေးမြကြည်လင်ပြီး ပေါက်ပင်၊လက်ပံ ပင်တို့ ဖူးပွင့်ကြခြင်းကြောင့် “ထူးကဲစုံမြဲ တပို့တွဲ”ဟု တင်စားခေါ်ဆို ရေးသားလိုက်ရပါသည်။    ။

ကျမ်းကိုး -    ဓမ္မပီယဆရာတော် အရှင်သံဝရာ လင်္ကာရ ရေးသားသော ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ ဆယ့်နှစ်လရာသီပွဲတော် များ၊ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ။