တင်ထက်ထက်ဇော်
ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖွား၊ ပွင့်၊ ဟော၊ စံဆိုသည့် နေ့ထူးနေ့မြတ်ကြီးတွေ ဖြစ်ပေါ်ခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရှိသည့် နေ့တစ်နေ့ ဖြစ်ပါသည်။ ကဆုန်လပြည့်နေ့တွင် ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်း၊ ဇီဝိတဒါနအဖြစ် ငါးသက်စေ့လွှတ်ခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်း စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ အစဉ်အလာမပျက် ကျင့်သုံးလျက်ရှိကြပါသည်။
သို့သော် ကဆုန်လ၏ ထူးခြားဆန်းပြားပုံများ အကြောင်းကိုမူ သိသူနည်းသည်။ သို့ပါ၍ အောက်ပါ အတိုင်း အကျယ်တဝင့် ရေးသားဖော်ပြလိုက်ရပါသည်။
ထူးခြားဆန်းပြား ကဆုန်လအကြောင်း သိကောင်းစရာ
မြန်မာအဘိဓာန်ကြီးတွင် ဖော်ပြသော ဆယ့်နှစ်လရာသီ အရုပ်၊ ပွဲ၊ နက္ခတ်ပြဇယားအရ ကဆုန်လ၏ ရာသီမှာ “ပြိဿရာသီ”၊ ရာသီရုပ်မှာ “နွားလား”၊ ရာသီပွဲမှာ “ညောင်ရေသွန်းပွဲ”၊ ရာသီပန်းမှာ “စံကား ပန်း” ၊ စန်းယှဉ်နက္ခတ်မှာ “ဝိသာခါနက္ခတ်” ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ပြင်ကဆုန်လနှင့် ကဆုန်လပြည့်နေ့ကို “လ၏ ပန္နရသီ ပုဏ္ဍာတိထီ” ပြည့်ညီသောကြောင့်လည်းကောင်း၊ ဂိမှာန်ဥတု၊ နွေရာသီအချိန်အခါ အချက်အချာအလယ်ကာလ ဖြစ်သောကြောင့်လည်းကောင်း၊ ကောင်းကျိုး တရားကို ထူးခြားစွာပေးနိုင်သည့် “ဝိသာခါနက္ခတ်” နှင့် “စန်း” ဟုခေါ်သော တနင်္လာဂြိုဟ် ငွေလမင်းတို့ ယှဉ်တွဲလျက် ထွန်းပေါ်လာသည့်အခါ ဖြစ်သောကြောင့်လည်းကောင်း “အထူးကဲဆုံး” “အမြင့် မြတ်ဆုံးအချိန်ကာလဖြစ်သည်” ဟူ၍ ရှေးပညာရှိများက ညွှန်းဆိုကြပါသည်။
ထို့ကြောင့် မြန်မာပြက္ခဒိန်၏ ဒုတိယလဖြစ်သော ကဆုန်လသည် ဆယ့်နှစ်လရာသီများအနက် ဗုဒ္ဓဘာသာဝင်တို့၏ မွန်မြတ်ထူးခြားလှသော လတစ်လဟု ဆိုရပေမည်။ ထို့ပြင် “ကဆုန်လပြည့် ဗုဒ္ဓနေ့” ဟူသော ဝိသေသထူးရှိနေပါသည်။ ပုဂံကျောက်စာတွင် ကုဆုန်ဟူသော အရေးအပြင် ခူဆုန်၊ ခုဆုန်ဟူသော ကွဲလွဲချက်များကို တွေ့ရ သော်လည်း သဘောမှာ အတူတူဖြစ်သည်။ ‘ကု’ သည် ‘ရေ’ ဟုအဓိပ္ပာယ်ရပြီး ‘ဆုန်’ မှာ ‘သွန်းလောင်းခြင်း’ အဓိပ္ပာယ်ရှိသည့်အတွက် အလွန်ပူပြင်းသည့် နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ဆိုခြင်းဖြစ်သည်။ ညောင်ရေသွန်းပွဲကို ကဆုန်လပြည့်နေ့တွင် ကျင်းပကြသည်။
ကဆုန်လသည် ရေများခန်းခြောက်ကာ ရေအရှားပါးဆုံး “လ” တစ်လဖြစ်နေသောကြောင့် ရှေးလူတို့သည် ဘုရားအလောင်းတော်ဘုရားအဖြစ်သို့ ရောက်တော်မူရာတွင် မဟာဗောဓိပင်မှ ကူးယူ စိုက်ပျိုးခဲ့သော မဟာဗောဓိပင်ကြီး ရေခန်းခြောက်မှုကြောင့် သေဆုံးမသွားစေရန် ရေအပြတ်လတ်ဆုံး ဖြစ်သော ဤကဆုန်လတွင် ညောင်ရေသွန်းလောင်း ၍ ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညောင်ရေ သွန်းခြင်းအပြင် ဗုဒ္ဓနေ့သရုပ်ဖော်မှု ကိစ္စတစ်ရပ် ရှိပါသည်။ ၎င်းမှာ ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာတင်ခြင်း ဖြစ်ပါသည်။
ကဆုန်လ ညောင်ရေသွန်းလောင်းခြင်းနှင့် ပတ်သက်၍ လောကဗျူဟာ အင်ရုံစာတမ်းတွင် ထူးခြားသော မှတ်ချက်တစ်ခုကို ယခုလို လေ့လာသိရပါသည်။ “ကဆုန်နယုန် ဆွေ့ဆွေ့ခုန်” ဆိုရိုး စကားအတိုင်း နွေကာလ၏ အပူဆုံးလများဖြစ်၍ ရေများခန်းခြောက်သည်။ ရမည်းသင်းမင်းတရား လက်ထက်တွင် ကဆုန်လ မိုးမရွာ၍ အိပ်မက်မြင်မက်ရာ၊ ထိုအိပ်မက်ထဲကအတိုင်း ပတ္တမြား စေတီဘုရား၌ ညောင်ရေသွန်းခြင်းကိစ္စကို စီရင်သည်။ ညောင်ရေသွန်းပြီးနောက် နန်းတော်သို့ အပြန်မှာပင် မိုးသည်းစွာရွာချသည်။ ထိုအချိန်ကစ၍ ပတ္တမြားစေတီဘုရားညောင်ရေကို နှစ်စဉ်မပြတ် သွန်းလောင်းခဲ့ကြောင်းနှင့် မိုးခေါင်ရေရှားအရပ်များတွင် မိုးကြီးရွာချစေရန် ညောင်ရေသွန်းသော ဓလေ့ ရှိခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။
ထူးခြားဆန်းပြားသော ကဆုန်လ
ကဆုန်လနှင့်ဆက်စပ်၍ မှတ်သားဖွယ်(၁၆)ချက် ရှိပါသည်။ ၎င်းတို့မှာ -
(၁) အလောင်းတော် သုမေဓာသည် ဒီပင်္ကရာ မြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံ ယူသောလ။
(၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင် တော်မူသောလ (ခရစ်တော်မပေါ်မီ ၆၂၃ ဝိသာခါ (ကဆုန်လ) ၏ လပြည့်နေ့တွင် လုမ္ဗိနီအင်ကြင်းတောမှာ ဖွားမြင်တော်မူခဲ့သည်)။
(၃) တောထွက်တော်မူသောလ၊
(၄) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသောလ၊
(၅) ပရိနိဗ္ဗာန် စံဝင်တော်မူသောလ၊
(၆) ဗောဓိပင်မြတ်ကို ညောင်ရေဓာတ် သွန်း လောင်းသောလ၊
(၇) စံကားပန်းပွင့်သောလ၊
(၈) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ၊
(၉) တံငါတာရာထွန်းသောလ(သက္ကဋနက္ခတ္တ ဒီပနီအလို ဆင်တာရာထွန်းသောလ)၊
(၁၀) နေ့ ၃၂ နာရီ၊ ည ၂၈ နာရီရှိ၍ ညတာ တိုသောလ၊
(၁၁) ရက်စုံသတ်သောလ (ရက်သုံးဆယ် ရှိသောလ)၊
(၁၂) နဂါးဦးခေါင်း အနောက်မြောက်မှာ ဝမ်းပြင်တောင်ခွင် ကျောသားမြီးကား အရှေ့သို့ထားသောလ၊
(၁၃) စနေနှင့် ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး နှင့် သောကြာ ပြဿဒါးဖြစ်သောလ၊
(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သောလ၊
(၁၅) ပြိဿရာသီမည်သောလ၊
(၁၆) ဖွားဖက်တော် ခုနစ်ပါး မွေးဖွားဖြစ်ပေါ်သောလ (ညီတော်အာနန္ဒာထေရ်၊ ဗောဓိပင်၊ ကာလုဒါယထေရ် သို့မဟုတ် အမတ်၊ ယသောဓရာမိဖုရား၊ ဆန္နထေရ် သို့မဟုတ် အမတ်၊ ရွှေအိုးကြီးလေးလုံး၊ ကဏ္ဍက မြင်းဖြူတော်) စသည်တို့ ဖြစ်ကြပါသည်။
ထို့ကြောင့် ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကွန်ဖရင့်တွင် ထူးခြားချက်အပေါင်းနှင့် ပြည့်စုံသော ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ သီရိ လင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရေးအဆိုကို ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့တင်သွင်းခဲ့သည်။ (၅၄) ကြိမ်မြောက် အထွေထွေညီလာခံသို့ တင်သွင်းသော ယင်းအဆိုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံက ထောက်ခံခဲ့ကြသည်။ ဤသို့ဖြင့် ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် (Vesak Universal Holiday)အဖြစ် ကုလသမဂ္ဂကသတ်မှတ် ပေးခဲ့သည်။
အချုပ်ဆိုရသော် ကဆုန်လသည် မြန်မာပြက္ခဒိန်၏ နွေလများထဲမှ ဗဟိုချက်မအလယ်လဖြစ်၍ ကဆုန်လမှာ ဆွေ့ဆွေ့ခုန်ရလောက်အောင် ရာသီဥတုပူပြင်းပါသည်။ မည်သို့ပင်ဆိုစေကာမူ ကဆုန် လတွင် ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ပွင့်သော “စံကားပန်း” ၏ရနံ့သည် ပူပြင်းသောရာသီကို အန်တုပေးကာ အမှန်တကယ်ပင် အမောပြေလန်းဆန်းစေပါသည်။ သို့ပါ၍ ကဆုန်လတွင် ညောင်ရေ သွန်းကြရင်း ရှားရှားပါးပါး ခါတော်မီရာသီပန်းတစ်မျိုးဖြစ်သော စံကားပန်းပွင့်လေးများကိုလည်း ဘုရားလှူနိုင်ကြပါစေကြာင်းနှင့် နေ့အပူချိန်မြင့်တက်လျက်ရှိသော ယခုနှစ်နွေရာသီမှာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းလှူပြီး မြန်မာပြည်သူ၊ ပြည်သားအားလုံး ကြည်သာရွှင်ပြ အေးမြကြပါစေကြောင်း ဆန္ဒပြုဆုတောင်းလိုက်ရပါသည်။