ထူးချွန်စွာ အောင်ပွဲဆင်နိုင်ရေး ဖြည့်ဆည်းနိုင်ကြသည့်အချိန်

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်းသား ကျောင်းသူတို့ ကြိုးစားနေကြပြီ။ တစ်နှစ်တာ သင်ယူလေ့လာ ကျက်မှတ်ခဲ့သမျှ ဘာသာရပ်အလိုက် သင်ခန်းစာများကို ကျောင်းသား ကျောင်းသူ တို့ မည်မျှနားလည် တတ်မြောက်ခဲ့ပြီလဲဟူသည်ကို မကြာမီ ကျင်းပတော့မည့် စာမေးပွဲက ဆန်းစစ်မှာဖြစ်ရာ ယခုအချိန် ကာလသည် မိမိတို့တစ်ဦးချင်းဆီတွင် လိုအပ်နေသည့် အားနည်း ချက်များကို ဖြည့်ဆည်းနိုင်သည့်အချိန်ပင် ဖြစ်သည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်ကို ယမန်နှစ် ၂၀၁၈၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲတွင် စတင်စစ်ဆေးခဲ့ရာ အလွတ်ကျက်မှတ်ခြင်းထက် စဉ်းစားတွေးခေါ်မှုကို ဦးစားပေးသည့် မေးခွန်းများ လွယ်၊ သင့်၊ ခက် မျှတစွာပါဝင်ခဲ့သည့်အတွက် ယခု ဒုတိယမြောက်နှစ်တွင်လည်း ယင်းကဲ့သို့ပင် ဆက်လက် မေးမြန်းသွားမည်သာ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ များအတွက် အထောက်အကူပြုနိုင်ရန ်ရည်ရွယ်၍ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို တက္ကသိုလ်မှ ပါမောက္ခဆရာကြီး ဆရာမကြီးများက နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ဆွေးနွေး ပို့ချပေးနေရာ စေ့စေ့စပ်စပ် သေသေချာချာ မှတ်သားလေ့လာ လိုက်နာမည်ဆိုပါက လွန်စွာအကျိုးရှိကြမည်ဟု ယုံကြည်မိသည်။

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ယမန်နှစ်ကထက် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ တစ်သိန်းကျော် ပိုမိုလာခဲ့ပြီး ဖြေဆိုသူ ၉၇ဝဝဝဝ ကျော် ရှိလာပြီဖြစ်သည်။ ကျောင်းသား ကျောင်းသူအားလုံးသည် မေးခွန်းပုံစံသစ်၏ အနှစ်သာရဖြစ်သော နှုတ်တိုက် အလွတ်ကျက်မှတ်ခြင်းကို လျှော့ချ၍ ကိုယ်ပိုင် စဉ်းစားတွေးခေါ်မှု၊ ကိုယ်ပိုင်ဖန်တီးရေးသားမှု၊ ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းရှိမှုတို့ကို မှန်မှန်ကန်ကန် နားလည်သဘော ပေါက်ကြသည်နှင့်အမျှ ဘာသာရပ်တိုင်းကို အခက်အခဲမရှိ ဖြေဆိုအောင်မြင်နိုင်ကြမည်သာ ဖြစ်သည်။ ရှေးခေတ် မြန်မာ့ ဘုန်းကြီးကျောင်း ပညာရေးစနစ်တွင်ပင် နှုတ်တိုက်အလွတ် ကျက်မှတ်ခြင်းသည် သင်ယူခြင်း၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး အဓိက မဟုတ်ခဲ့သည်ကို ရှင်မဟာရဋ္ဌသာရ၏ “သုစိ ပုဘာ ဝိလိသိဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့” ဟူသော ဆုံးမစာတွင် တွေ့မြင်နိုင်ကာ ဟောပြောပို့ချမှုများကို နားထောင်ခြင်း၊ တွေးခေါ်ကြံဆခြင်း၊ အမေးပုစ္ဆာထုတ်ခြင်း၊ ဆွေးနွေးခြင်း၊ စူးစမ်းဆင်ခြင်ခြင်း၊ ရေးသားခြင်း၊ လက်တွေ့လေ့ကျင့်ခြင်း၊ နှုတ်တိုက်အာဂုံဆောင် ကျက်မှတ်ခြင်းတို့ကို ထိုခေတ် စာသင်သားတို့ နေ့စဉ်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ခြင်းပင် ဖြစ်သည်။

 

အခြေခံပညာသင်ယူမှုများ ပြီးမြောက်၍ အဆင့်မြင့်ပညာများ သင်ယူမှုဆီသို့ တက်လှမ်းကြရမည့် ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲသည် အရေးပါသော ဘဝ၏အချိုးအကွေ့တစ်ခု ဖြစ်သည်။ သို့ရာတွင် တက္ကသိုလ်ဝင် စာမေးပွဲအပါအဝင် လူ့ဘဝ တစ်လျှောက်လုံးတွင် မိမိတို့ ရင်ဆိုင်ကြုံတွေ့ကြရဖွယ်ဖြစ်သော စိန်ခေါ်မှုများ၊ အမေး ပုစ္ဆာများတို့ကို ကြောက်ရွံ့ ထိတ်လန့်မှု၊ စိုးရိမ်ပူပန်မှုတို့ဖြင့် မဖြေသင့်၊ မဖြေမအပ်ဘဲ ပညာရဲရင့် ပွဲလယ်တင့်ကာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ကျန်းမာရွှင်လန်းစွာ ဖြေဆိုသွားနိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်သည်။

 

အောင်မြင်ခြင်းအတွက် အဓိပတိလေးပါးကို မြတ်ဘုရားက ဟောကြားတော်မူခဲ့ရာ ဆန္ဒာဓိပတိ - အောင်ရမည်ဟူသော မဖြစ်မနေ လိုလားသည့်ဆန္ဒ၊ စိတ္တာဓိပတိ - အောင်မြင်ရေးကို ဦးတည်သော ထက်သန်သည့် စိတ်ဓာတ်အားမာန်၊ ဝီရိယာ ဓိပတိ - ပြင်းထန်သည့်လုံ့လဝီရိယ၊ ဝီမံသာဓိပတိ - စာမေးပွဲ အောင်မြင်ရေးအတွက် ဘာသာရပ်တိုင်းကို ကျွမ်းကျင်နှံ့စပ် တတ်မြောက်ပြည့်စုံနေပြီဆိုပါက တက္ကသိုလ်ဝင်စာမေးပွဲကို မဆိုထားဘိ ဘဝတစ်လျှောက်တွင် ဖြေဆိုရမည့် မည်သည့်စာမေးပွဲ တို့ကိုမဆို ထူးချွန်ပေါက်မြောက်စွာ အောင်ပွဲဆင်နိုင်မည် ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း