လေးမျက်နှာ   ၂    ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး   ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသည့် ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ယနေ့နံနက် (၉)နာရီ အချိန်က စတင်ဖွင့်လှစ်ခဲ့ရာ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းသို့ လာရောက်လေ့လာ သူများပြား လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းတွင် ဧရာဝတီတိုင်းအတွင်းမှ‌ပေါ်ထွက်လာသော သမ္မတဓါတ်ပုံများ ၊ နိုင်ငံရေး ၊ စာ‌ပေ နှင့်အနုပညာဂီတ နယ်ပယ်အသီးသီးတွင် ကျော်ကြားသည့် ဧရာဝတီတိုင်းသားများ၏ ဓာတ်ပုံများနှင့် ထူးချွန်ထင်ရှား လေးမျက်နှာသားများ ဓာတ်ပုံများ ချိတ်ဆွဲပြသထားရာ လာရောက်လေ့လာသူများဖြင့် စည်ကားနေကြောင်း သိရသည်။

 

အောင်သူဟန် ၊ ရွှေမိုး