နေပြည်တော် ဩဂုတ် ၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်အတွင်းသို့ TNLA အဖွဲ့ဝင်များက အလစ်အငိုက်ဝင်ရောက်၍ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်းနှစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအရှေ့သို့ TNLA အဖွဲ့ဝင်များသည် Pajero အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ဖြင့် ပင်လုံလမ်းမကြီး၏ မြောက်ဘက်မှ မောင်းနှင်ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျောက်မဲမြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်ကို လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်