ရန်ကုန်  ၂၀  မေ 

 

Transformation by Innovation in Distance Education (TIDE) ၏ 3th Residential School ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် သိပ္ပံသုတေသန အဆောက်အဦရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက TIDE စီမံချက်သည် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံမှတက္ကသိုလ်များ အတူတကွ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည့်  အဝေးသင်ပညာရေးစနစ်ဖွံ့ဖြိုးတိုးတက်စေရန် အဝေးသင် ပညာရေးတွင် သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူပေါင်း ၅၀ဝ၀ဝ၀ ကျော်ကို အလုပ်အကိုင်အခွင့် အလမ်း ရရှိနိုင်သော ကျွမ်းကျင်မှုများတိုးတက်စေရန်အတွက် မျှော်မှန်းဆောင်ရွက် လျက်ရှိသည့် စီမံချက်ဖြစ်ပါကြောင်း၊ TIDE  စီမံချက်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အသိပညာဖြစ်သည့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာသိပ္ပံပညာရပ်ကို ဖွံ့ဖြိုးတိုးတက်စေရန်၊ သင်ရိုးညွှန်းတမ်းများလည်း ကမ္ဘာ့အဆင့်မီဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါကြောင်း၊ ထို့ပြင် ယခုဘာသာရပ်မှ ရရှိလာသော တိုးတက်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည့် ပညာရပ် များတွင် ပြန်လည်အသုံးချရန်အတွက်လည်း ထပ်ဆင့်အကြံဉာဏ်ကောင်းများ ပေးသွားမည်ဖြစ်ပါကြောင်း။

 

TIDE စီမံချက်သည် ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်နေသော ပြုပြင်ပြောင်းလဲမှု များကို အရှိန်အဟုန် ကောင်းစေရန်အတွက် ကူညီထောက်ပံ့ပေးရန် ကြိုးစားအားထုတ် လျက်ရှိပြီး အဆင့်မြင့်ပညာဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မဟာဗျူဟာဖော်ဆောင်ခြင်းနှင့် မှန်ကန်သော ဦးဆောင်မှုများ ပြုလုပ်ပေးနိုင်ရန်အတွက်လည်း ထပ်ဆင့်ကူညီ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ စီမံချက်ကို ၂၀၂၁ စက်တင်ဘာလအထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင်ရှိသော တက္ကသိုလ် စုစုပေါင်း ၃၀ ကျော်နှင့် ဆရာ ဆရာမနှင့် တက္ကသိုလ်ဝန်ထမ်းပေါင်း ၃၀ဝ ကျော်ထိ သင်တန်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများလုပ်ဆောင်နိုင်ရန် ရည်မှန်းချက်ထားရှိပါကြောင်း။

 

TIDE စီမံချက်သည် ဗြိတိန်အစိုးရမှ ထောက်ပံ့လျက်ရှိသော အဆင့်မြင့်ပညာ ကဏ္ဍပြုပြင်ပြောင်းလဲရေးစီမံကိန်း (SPHEIR)စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ SPHEIR စီမံကိန်းသည် ဗြိတိန် အစိုးရ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန(Department for International Development DFID)မှ တာဝန်ယူဆောင်ရွက်ပြီး ဗြိတိသျှကောင်စီ၊ Universities UK International အဖွဲ့ သုံးဖွဲ့ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ SPHEIR စီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပညာရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကောင်းမွန်ရန်၊ ပညာရေး ကဏ္ဍ လုပ်ဆောင်ချက်များ၊ ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုများ လုပ်ဆောင်ရာတွင် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်စေရန်အတွက် ဗြိတိန်အစိုးရမှ ထောက်ပံ့ပေးထားသော စီမံကိန်းတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် British သံအမတ်ကြီး Mr.Dan Chugg၊ The Open University မှ Academic Director Professor Andy Lane နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က အမှာစကားပြောကြားကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်တာဝန်ရှိသူများ သည် ရန်ကုန်မြို့ Melia Hotel ၌ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ PTB အဖွဲ့အစည်း တို့ပူးပေါင်းကျင်းပပြုလုပ်သည့် “WORLD METROLOGY DAY 2019” အခမ်းအနားသို့ တက်ရောက်ကြသည်။ 

 

၁၈၇၅ ခုနှစ်၊ မေ (၂၀)ရက်တွင် ကမ္ဘာ့နိုင်ငံပေါင်း(၁၇)နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်တက် ရောက်ခဲ့သည့် မီတာကွန်ဗင်းရှင်း(Metre Convention) ကိုကျင်းပကာ ခေတ်သစ်အတိုင်းအတာဆိုင်ရာ သတ်မှတ်ချက် များကို တစ်ကမ္ဘာလုံး တစ်ပြေးညီဖြစ်စေရေး တိုင်ပင်ဆွေးနွေး၍ အတည်ပြုပြဋ္ဌာန်းခဲ့ကြ သည်။ အဆိုပါ မီတာကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်မှာ အတိုင်းအတာစံများ၊ ယူနစ်များ ကို တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်းမှ တစ်ပြေးညီအသုံးပြုနိုင်ရေးဖြစ်သည်။ ထို့ကြောင့် မေ(၂၀)ရက်ကို ကမ္ဘာ့တိကျစွာတိုင်းတာခြင်း နည်းပညာနေ့(World Metrology Day) အဖြစ် သတ်မှတ်ကာ နိုင်ငံတကာတွင် အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)

 

DSC_7