မိုင်းပန် ၂၃ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်မှုအနေဖြင့် သံလွင်မြစ်ကူးတံတား (တာဆန်း)မှတစ်ဆင့် မိုင်းပန်မြို့နယ်သို့ ဖြတ်သန်းလာသော ခရီးသွား ပြည်သူများအား COVID-19 ရောဂါအကြောင်း အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကျန်းမာရေးအခြေအနေ ထူးခြားမှုဖြစ်ပေါ်လာပါက သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် ခရီးသွားပြည်သူများအား မှာကြားကာ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဂိတ်ဖွင့်ချိန် နံနက် ၆ နာရီမှ ဂိတ်ပိတ်ချိန် ညနေ ၆ နာရီအထိ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခြင်းများကို တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ် တာဝန်ကျဝန်ထမ်းများနှင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဆန်း (မိုင်းပန်)


