တာချီလိတ် 1G1  ဟိုတယ်အနီး၌ ကျည်ဒဏ်ရာဖြင့် ထိုင်းနိုင်ငံသား တစ်ဦး သေဆုံး

တာချီလိတ် ၉  ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ 1G1  ဟိုတယ်ရှေ့လမ်းမပေါ်၌ ဖေဖော်ဝါရီ ၈ ရက်ညပိုင်းက ကျည်ဒဏ်ရာဖြင့် ထိုင်းနိုင်ငံသား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၈ ရက်ည ၉ နာရီအချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်(ခ)ရပ်ကွက်ရှိ ဒေါ်နန်းဝန်လာ၏ နေအိမ်လိုင်းခန်းငှါး ဒုတိယထပ် အခန်းအမှတ် (၂၆ )တွင် ထိုင်းနိုင်ငံသားအဆိုတော် လေး(ခ)Mr.Wuttichai Gobua နှင့် ၎င်း၏ဇနီးရှိနေစဉ် အမည်မသိ လူတစ်ဦးမှ ပိုက်ဆံလာယူရန် ဖုန်းဖြင့် ဆက်သွယ် လာသဖြင့် ထိုင်းနိုင်ငံ သား လေး(ခ)Mr.Wuttichai Gobua တစ်ဦးတည်း သွားရောက်ယူခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ ထိုင်းနိုင်ငံသား ပြန်မလာသဖြင့် ဇနီးဖြစ် သူမှ ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းမကိုင်သဖြင့် လိုက်လံရှာဖွေရာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ 1G1  ဟိုတယ်ရှေ့လမ်းမပေါ်တွင် ခင်ပွန်းဖြစ်သူမှာ ၎င်းစီးလာသည့်  SHN – 91 -----  MARK X အမျိုးအစား နက်ပြာရောင် မော်တော်ယာဉ်၏ ယာဘက်ဘေးလမ်းမပေါ်တွင် ပက်လက်အနေအထားဖြင့် လဲကျနေပြီး ကျည်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

 

အမှုမှ ထိုင်းနိုင်ငံသားအဆိုတော် လေး(ခ)Mr.Wuttichai Gobua အား သေနတ်ဖြင့် ပစ်ခတ်သွားသူအား စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် တာချီလိတ်မြို့မရဲစခန်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)

 

111