တာချီလိတ် ၂၄ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်-ကျိုင်းတုံသွား မော်တော်ကားလမ်းပေါ်ရှိ တာလေမြစ်ကူး တံတားအောက် မြစ်အတွင်းမှ ဧပြီ ၂၂ ရက်နေ့ည လှည့်ကင်းဆောင်ရွက်နေစဉ် ကြေးဆင်းတုတော်သုံးဆူ တွေ့ရှိခဲ့ရကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရှမ်းပြည်နယ်ရှိ မြို့များတွင် ညမထွက်ရအမိန့်ကိုထုတ်ပြန်ထားကာ ည ၁၀ နာရီမှ မနက် ၄ နာရီထိ အသွားအလာ ကန့်သတ်ပိတ်ပင်ပြီး ညအချိန်၌ လုံခြုံရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် ဓာတ်မီးရောင်ကြောင့် ရွှေဝါရောင်အရာဝတ္ထုကို တွေ့ရှိရ၍ သွားရောက်စစ်ဆေးကြည့်ရာ သဲနုံးများအတွင်းမှ ဉာဏ်တော်အမြင့်(၆)လက်မခန့်ရှိ ကြေးဆင်းတုတော် သုံးဆူကို တွေ့ရှိရခြင်းဖြစ်သည်။
အဆိုပါ ကြေးဆင်းတုတော် သုံးဆူအား ဧပြီ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်၌ မိုင်းလင်းဆရာတော် ဘုရားကြီးကျောင်းသို့ ပင့်ဆောင်တော်မူခဲ့ပြီး ကျောင်းတော်၌ပင် ကိန်းဝပ်စံပယ် တော်မူမည်ဖြစ်ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


