နေပြည်တော် ၂၅ ဇန်နဝါရီ
မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်လေ့ရှိရာ ဇန်နဝါရီ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ တာချီလိတ်နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား ၂၃၁၈၇ ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၄၆ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၃၇၆ ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၅၇၀ ဦးရှိကြောင်း သိရသည်။
နေ့ချင်းပြန်ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့်တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များအား ဝင်ရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။
တာချီလိတ် နယ်စပ်ဝင်ပေါက် မှတစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် အရေအတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ ၈၄၀၇၂၂ ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ခရီးသည်စုစုပေါင်း ၁၀၄၉၉ ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည် စုစုပေါင်း ၂၁၆၆၉ ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်/ခရီးမှ သတင်းရရှိသည်။
MDN