ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ် ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လည်ပတ်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်နှင့် ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားများ အပါအဝင် စုစုပေါင်း ၂၇၀၀၀ ဦးခန့် ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်လျက်ရှိရာ တာချီလိတ် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်တွင် ထိုင်းနိုင်ငံသား ၂၅၀၃၃ ဦး၊ တတိယနိုင်ငံသား (နိုင်ငံခြားသား) ၂၀၀ ဦး၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ ခရီးစဉ်သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၆၂၁ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၁၁၃၄ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။
အဆိုပါ ခရီးသွားဧည့်သည်များသည် နေ့ချင်းပြန် ခရီးစဉ်တွင် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၊ ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ကိုးမြို့ရှင်နတ်နန်း၊ အာခါဈေး၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ မိုင်းလင်း ဆရာတော်ကျောင်း၊ လန့်တောင်းနှီးဘုရား၊ ရှေးဟောင်းတန်ခိုးကြီး စေတီပုထိုးများ၊ တိုင်းရင်းသား ကျေးရွာများနှင့် မဲခေါင်မြစ် ပတ်ဝန်းကျင် သဘာဝအလှ နေရာများသို့ လည်ပတ်ကြကြောင်း သိရသည်။
ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရား ခြေတော်ရာစေတီ၊ သမိုင်းဝင် ဆုတောင်းပြည့် စွန်တောင်းစေတီ၊ ဘီလူးရှာ၊ ကျိုင်းတုံမြို့အဝင် ပန်ကွဲတောင်ရှိ ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရား၊ ရပ်တော်မူဘုရား၊ ဟိုခုံကျောင်း၊ စွန်တောင်းစေတီ၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ ကျော့မ်ဆရီစေတီ၊ ပါလျန်ကျောင်း၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ကမ္ဘာအေးစေတီ၊ လွယ်မွေဒေသ၊ စံပြယန်းလောကျေးရွာ၊ ကိုးထပ်ရေတံခွန်နှင့် ပင်းတောက် ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်ကာ ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှ ရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကိုယ်တိုင်လေ့လာ သိရှိခံစားမှုအပြင် ပြည်တွင်းပိုင်း ခရီးစဉ်အား တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ် တိုက်ရိုက် ပျံသန်းသည့် မြို့များဖြစ်သော ဟဲဟိုး၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုးမြို့များမှတစ်ဆင့် ပြည်တွင်းရှိ အထင်ကရ ဒေသများသို့ ဝင်ရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁၃ ရက်အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၆၉၈၅၉၁ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံခရီးစဉ်အဖြစ် ခရီးသည် ၈၀၈၁ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းပိုင်း ခရီးစဉ်သို့ ၁၂၉၆၂ ဦး၊ စုစုပေါင်း ၇၁၉၆၃၄ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
ဖြိုးလေး(တာချီလိတ်)