တာချီလိတ် ၁၅ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ခရိုင်အတွင်းရှိ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသား တောင်သူ ၃၀ ဦးအား တောင်ကြီးခရိုင်၊ တောင်ကြီးနှင့် ညောင်ရွှေမြို့နယ်များသို့ စိုက်ပျိုးရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးနှင့် မိမိဒေသအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်အသုံးချနိုင်ရေး ရည်ရွယ်ကာ စက်တင်ဘာ ၁၄ ရက်၊ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ စိုက်ပျိုးရေးဆိုင်ရာလေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လေ့လာရေးတောင်သူများအား တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့်အတူ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာအတွင်းရှိ စံပြကွက်၊ စမ်းသပ်ကွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားရာ လေ့လာရေး တောင်သူများက သိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးနှင့် ဟင်းသီးဟင်းရွက် ကျွန်းမျောစိုက်ခင်းများအား လေ့လာရာ မြို့နယ်ဦးစီးမှူး ဦးပက်ထရစ်ဗျူးကလည်းကောင်း၊ တာယောမျိုးသန့်ခြံ ရှိ မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများနှင့် တာယော စိုက်ပျိုးရေးသုတေသနခြံရှိ စပါး၊ ပဲပုတ်၊ ခရမ်းချဉ်သီး မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးထားရှိမှုတို့အား ဆက်လက်လေ့လာရာ ခြံဦးစီးမှူးများဖြစ်သည့် ဦးစောသိန်းကျော်နှင့် ဦးလှဦးတို့ကလည်းကောင်း လုပ်ငန်းကဏ္ဍအလိုက် လိုက်လံရှင်းလင်း ပြသပေးသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးလေး(တာချီလိတ်)


