တာချီလိတ် ၁၄ ဇွန်
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက တာချီလိတ်မြို့ နဂါးနှစ်ကောင်ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ ရွှေကျောင်းတော်သို့ သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းက တာချီလိတ်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းအတွက် ငွေကျပ် သိန်း(၅၀)ကို ပေးအပ်လှူဒါန်းသည်။
အဆိုပါ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခ ထောက်ပံ့ရေးကော်မတီ၏ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း) လှူဒါန်းမှုခရီးစဉ်များတွင် လိုက်ပါဆောင်ရွက်ကြသူများကို Air KBZ မှ ခရီးစဉ်အစမှအဆုံးထိ အခမဲ့ ပို့ဆောင်ပေး ခဲ့ကြောင်း ယင်းကော်မတီမှ သိရသည်။
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် KBZ MS General Insurance၊ KBZ Life၊Myanmar Airways International MAI နှင့် Air KBZ တို့နှင့် လက်တွဲ၍ ဖေဖော်ဝါရီ ၂၆ ရက်မှစတင်ကာ ယနေ့အချိန်အထိ ငွေကျပ်သိန်းပေါင်း ၄၆၉၂၈ သိန်း လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း၊ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် အရာထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များ လိုက်ပါခဲ့ကြောင်း သိရသည်။
စိုးညွှန့်ရွှေ(ပြည်နယ် ပြန်/ဆက်)


