နေပြည်တော် မတ် ၃ 

 

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် အထူးအလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိသည်။ 

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့များသည် တာချီလိတ်မြို့ မယ်ခေါင် (၂) ရပ်ကွက် မယ်ခေါင် (၂) လမ်း ဟိုတယ်လိုင်စင်ရယူထားခြင်းမရှိသော အပြည်ပြည်ဆိုင်ရာ ဟိုတယ်အမည်ရှိ အဆောက်အအုံ၌ တရားမဝင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများလုပ်ကိုင်သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၂၈၉ ဦး၊ အမျိုးသမီး ရှစ်ဦး ပေါင်း ၂၉၇ ဦး၊ မလေးရှားနိုင်ငံသား အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ခုနစ်ဦး ပေါင်း ၃၈ဦး၊ ဗီယက်နမ် နိုင်ငံသား အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၁၁ ဦး ပေါင်း ၅၇ ဦး၊ ဖိလစ်ပိုင် နိုင်ငံသား အမျိုးသမီးတစ်ဦး စုစုပေါင်း ၃၉၃ ဦးတို့ကို အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၁၇၄ လုံး၊ CPU အလုံး ၇၀ ၊ StarLink ကိုးလုံး၊ ဖုန်းမျိုးစုံ ၂၃၃ လုံး၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ 

 

အဆိုပါ ဖမ်းဆီးရမိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကိုလည်း ထပ်မံအသုံး ပြုနိုင်ခြင်းမရှိစေရေး စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်