တာချီလိတ်   ဒီဇင်ဘာ   ၂၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်၊ အဘိဓဇ အဂ္ဂမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဩဝါဒစရိယ ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ၏ သက်တော်(၉၃)နှစ်၊ ဝါတော် (၇၃)ဝါ ဝိဇာတပူဇာမွေးနေ့ အလှူပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းက ကျိုင်းတုံမြို့ ဝစီပိတ် ဆရာတော်ကြီးနှင့် ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်း လောင်းလှူကြသည်။

 

ထို့နောက် ဆရာတော် အရှင်မြတ်တို့က ကံဇာမြင့် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့် တော်မူ၍ တက်ရောက်လာသော ဧည့်ပရိသတ်အပေါင်းက လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။ ယင်းနောက်  ဆရာတော် သံဃာတော်များထံမှ ရေစက်ချ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံသရာမှ လွတ်မြောက်ကြောင်း တရားတော်နာကြားခဲ့ကြောင်း သိရသည်။

 

နဂါးနှစ်ကောင်ဆရာတော်ကြီးသည် ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၌ ဆေးကုသနေသဖြင့် မွေးနေ့ပွဲသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)