တာချီလိတ်၊ ဒီဇင်ဘာ ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား အမျိုးသမီး (၆၁)ဦးကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခွဲက မြန်မာတာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။

 

အဆိုပါနေရပ်ပြန်များကို ကျန်မာရေးဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ အမျိုးသား ၂ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့ကို သီးသန့်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ထားကြောင်း၊ ကျန်ရှိသည့် နေရပ်ပြန်အားလုံးကို ဝမ်လုံး Quarantine Centre သို့ ပို့ဆောင်ပြီး ၃ ရက်မြောက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ထပ်မံရယူ၍ တောင်ကြီးသို့ ပို့ဆောင်စစ်ဆေး အတည်ပြုချက်ရယူကာ ကိုဗစ်-၁၉ ရောဂါကင်းစင်သူများကို မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

လာအိုနိုင်ငံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ဇူလိုင် ၃၀ ရက်မှ စတင်လက်ခံခဲ့ကြရာ၌ ယနေ့အချိန်ထိ (၁၆)ကြိမ်မြောက်ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၄၀၀၀) ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)