တာချီလိတ်       ဇွန်       ၁၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အမျိုးသမီးငယ်တစ်ဦးထံမှ ဖုန်းလုယက် ပါးစပ်ပိတ်ပြီး ကား​​ပေါ် ဆွဲတင်ခေါ်ဆောင်ကာ ဦးခေါင်းအား ပုဆိုးဖြင့်အုပ်၍ ပြန်ပေးဆွဲရန် ကြိုးစားသူ လေးဦးအား ဇွန် ၁၃ ရက် ည ၇ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ည ၇ နာရီခန့်က တာချီလိတ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံတွင် ယာဉ်များအား ပိတ်ဆို့စစ်ဆေး ဆောင်ရွက်စဉ် ရီဂျီးနားဟိုတယ်ဘက်မှ ဝမ်မိုင်ရွာဘက်သို့ မောင်းနှင်လာသည့် CRV ခဲ+နက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင်  အမျိုးသမီးတစ်ဦး၏ ပါးစပ်အား လက်ဖြင့် ပိတ်၍ ဦးခေါင်းကို ပုဆိုးဖြင့် အုပ်ထားပြီး ခေါ်ဆောင်လာသည်ကို တွေ့ရှိရသဖြင့် မသင်္ကာ၍ တာချီလိတ် မြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးရာ အမျိုးသား လေးဦးဖြစ်သည့် ယာဉ်မောင်း အားရှဲန်၊ အောင်နိုင်၊ အားလုံ(ခ)ရန်ဇူချင်နှင့် ရွှီထိုက်ချိုင်း တို့က မ----- အား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ JMK ဟိုတယ်လမ်းဆုံမှ အမှတ်(၂)တံတားဘက်သို့သွားသော မြို့ပတ်လမ်းမပေါ်တွင် မ----- ကိုင် ဆောင်သော IPHONE-13 အားလုပြီး ပါးစပ်အားလက်ဖြင့်ပိတ်၍ ဦးခေါင်းကို ပုဆိုးဖြင့်အုပ်ကာ ၎င်းတို့ မောင်းနှင် လာသည့် ယာဉ်ပေါ်သို့ ဆွဲတင်ခေါ်ဆောင်ခဲ့ပြီး ခါးအားကျဉ်စက်ဖြင့် ထောက်ကာ အော်ဟစ်ခြင်းမပြုဘဲ အသာတကြည်လိုက်လာရန်၊ အော်ဟစ်လျှင်သတ်ပစ်မည်ဟု ရှမ်းစကားဖြင့် ပြောဆိုခြိမ်းခြောက် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့နေထိုင်သည့် ဆေခမ်းရပ်ကွက်ရှိ နေအိမ်တွင်  မတရား ချုပ်နှောင်ကာ ငွေကြေးတောင်းခံရန်အကြံဖြင့် ဖမ်းဆီးခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

 

 မ---------(၂၈)နှစ်၊ ဆေခန်းရပ်ကွက်၊ တာချီလိတ်မြို့နေသူ၏ ဖုန်းအား လုယက်ကာ ခြိမ်းခြောက်ပြီး မတရား ချုပ်နှောင်၍ ငွေကြေးတောင်းခံရန်အကြံဖြင့် ဖမ်းဆီးချုပ်နှောင်ခေါ်ဆောင်လာသူ တရားခံ အားရှဲန် (၂၂)နှစ် လောက်ကိုင်မြို့၊ အောင်နိုင်(၁၈)နှစ်၊ လောက်ကိုင်မြို့၊ အားလုံ(ခ)ရန်ဇူချင် (၂၂)နှစ်၊ တာချီလိတ်မြို့နှင့် ရွှီထိုက်ချိုင်း (၂၀)နှစ်၊ တာချီလိတ်မြို့နေသူတို့ လေးဦးအား တာချီလိတ် မြို့မရဲစခန်းတွင် (ပ)၉၄/၂၀၂၂၊ အမှုကြီးအမှတ်စဉ် (၅/၂၂)၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂/ ၃၆၅/၃၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

သန်းဇော်(တာချီလိတ်)

ထက်ဝေဖြိုး(ပြန်/ဆက်)