တာချီလိတ် ဇွန် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ စက်မှုဇုန်အတွင်း လုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်းရှင်များ စက်မှုစီးပွားမြေငှားဂရန် လျှောက်ထားခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ဆေခမ်း ရပ်ကွက်ရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းစိုင်းက အမှာစကားပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က စက်မှုစီးပွားမြေငှားဂရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ခရိုင်မြေစာရင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဆန်းမင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန့်ပေါ်လင်း၊ ကျိုင်းတုံမြို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းထွေးတို့က သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်ထားရှိမှုများ၊ မြေငှားဂရန်လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ၊ စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မြေယာအသုံးချမှုဆိုင်ရာ သတ်မှတ်ချက်များကို ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း


