တာချီလိတ် နိုဝင်ဘာ ၁၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲက တာချီလိတ် မြို့နယ်၊ ဝမ်ပုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းမြေ့စိုးက မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် အဓိကအကြောင်းရင်းများ၊ မီးခိုးမြူငွေ့များတွင် ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး လုပ်ငန်းစဉ်များကို အသိပညာပေးဟောပြောခဲ့သည်။

 

ထို့နောက် ကျောင်းသား ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ပြီး မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးနှင့် ပတ်သက်သည့် မေးခွန်းများအား ပြန်လည်မေးမြန်းကာ ဖြေဆိုနိုင်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် လေထုထဲတွင်ပါဝင်သော PM 2.5 အကြောင်း အသိပညာပေးဗီဒီယိုကို ပြသပြီး ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)